Pages

Ads 468x60px

Featured Posts

Wednesday, September 26, 2012

နဖူးမှာပေါက်သော ဝက်ခြံ




နဖူးမှာပေါက်တဲ့ ဝက်ခြံဆိုတာ မျက်ခုံးနှစ်ခုကြားနဲ့ နှာခေါင်းထိပ်ပိုင်း စုံတဲ့နေရာကို မျက်နှာရဲ့ T-zone လို့ခေါ်ပါတယ်။  နဖူးမှာပေါက်တဲ့ ဝက်ခြံတွေက အဲလိုနေရာမျိုးတွေမှာ အများဆုံး ပေါက်တတ်ကြပါတယ်။ အဆီပြန်တဲ့ အရေပြားပိုင်ရှင်နဲ့ ပေါင်းစပ်အရေပြား ပိုင်ရှင်တွေမှာ ပိုပြီး ပေါက်တတ်ကြပါတယ်။ နဖူးပြင်ပေါ်က ဆံပင်နဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ ဝက်ခြံတွေကို တွေ့ရတတ်ပြီး အရေပြားနီရဲကာ ရောင်ရမ်းနေတတ်ပါတယ်။ ဝက်ခြံပေါက်တဲ့ အချိန် ပုံမှန်အိမ်မှာ ပြုလုပ်နေကျ ကုထုံးတွေနဲ့ ကုသနေရင်း ခြောက်ပတ်လောက် ကြာတာတောင် မသက်သာသေးဘူးဆိုရင် အရေပြား အထူးကုနဲ့ တိုင်ပင်သင့်ပြီး လိုအပ်ရင် ဆေးဝါးနဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။

နဖူးမှာ ဝက်ခြံပေါက်တတ်သော တခြားအကြောင်းရင်း

အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲ တချို့ကြောင့် နဖူးမှာ ဝက်ခြံပေါက်တတ်ပါတယ်။ ဆီပါဝင်တဲ့ အလှကုန်ပစ္စည်း အသုံးပြုတဲ့သူတွေနဲ့ ဆံပင်လိမ်းဆေး တချို့ကြောင့် ပေါက်တတ်ပါတယ်။ တခြား အကြောင်းအရာတွေလည်း ရှိပါသေးတယ်။

အလွန်အမင်း သန့်စင်ခြင်း

အရေပြားကို ကြေးချွတ်သန့်စင်တာက ကောင်းပါတယ်။ ဒါပေမဲ့ ခဏ၊ ခဏ ပြုလုပ်တာတွေကြောင့်တော့ ဆန့်ကျင်ဘက် အာနိသင် ဖြစ်သွားတတ်ပါတယ်။ အရေပြားကို အလွန်အမင်း သန့်စင်လိုက်တာကြောင့် အဆီဂလင်းတွေထဲကို ဘက်တီးရီးယားတွေ ရောက်ရှိသွားပြီး ကြာရင် ဝက်ခြံဖြစ်စေတတ်တယ်လို့ Los Angeles မှ အရေပြား ပညာရှင်တွေက ဆိုပါတယ်။

ဆံပင်လိမ်းပစ္စည်းများ

ဆံပင်လိမ်းတဲ့ စပရေး၊ ဂျယ်လ်နဲ့ တခြားဆံပင်လိမ်းတဲ့ ပစ္စည်းတွေကြောင့် သင့်နဖူးနေရာနားမှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဆံပင်လိမ်းတဲ့ ပစ္စည်းမှာ ပါဝင်တဲ့ ကမ်မီကယ်တွေ ဦးရေပြားပေါ် ထိတွေ့ရာကနေ ဝက်ခြံတွေ ပေါက်လာရတာမျိုး ဖြစ်ပါတယ်။

ဦးထုပ်နှင့် လုပ်ငန်းခွင်သုံး ဦးထုပ်

လုပ်ငန်းခွင်ထဲမှာ ဦးခေါင်းကို ကာကွယ်ဖို့အတွက် အမြဲတမ်းဝတ်ဆင်ရတဲ့ Helmets တွေနဲ့ ဦးထုပ်ကို အမြဲဝတ်ဆင်တတ်သူတွေမှာ နဖူးနဲ့ ဦးထုပ်ကြားကချွေးနဲ့ ပြင်ပက အညစ်အကြေးတွေကြောင့် ဝက်ခြံတွေ ပေါက်လာတတ်ပါတယ်။

အိပ်စက်မှု အလေ့အထ

အိပ်စက်ချိန်မှာ သင်က ဘေးတစ်ဖက်တည်းကို စောင်းပြီး အိပ်တတ်သူဆိုရင် ခေါင်းအုံးနဲ့ သင့်နဖူးပြင်နဲ့က ထိတွေ့မှုဟာ အချိန်ကြာတတ်ပါတယ်။ သင့်ခေါင်းအုံးဟာ သန့်ရှင်းမှု မရှိရင်ဘဲဖြစ်စေ၊ ရောဂါပိုးဝင်ရင်ပဲ ဖြစ်စေ စောင်းအိပ်တဲ့ နဖူးပြင်နေရာနားမှာ ဝက်ခြံပေါက်တတ်ကြပါတယ်။ ဒါကြောင့် တစ်ဖက်တည်းစောင်းပြီး အိပ်တတ်သူတွေဟာ ပက်လက်ပြန်ပြောင်း အိပ်ကြည့်ပါ။ သန့်စင်တဲ့ ခေါင်းအုံးကို အသုံးပြုပါ။

မိတ်ကပ်လိမ်းထားပြီး အိပ်စက်ခြင်း

မိတ်ကပ်လိမ်းထားချိန်ဟာ ဘယ်အချိန်ပဲ ဖြစ်ပါစေ၊ ညအိပ်ရာဝင်တော့မယ် ဆိုရင်တော့ သင်လိမ်းထားတဲ့ မိတ်ကပ်တွေကို ဖျက်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။ အိပ်ရာဝင်ခါနီး မိတ်ကပ်မဖျက်တာကြောင့် မျက်နှာမှာ ပြင်ပက ဖုန်မှုန့်တွေ၊ မိတ်ကပ်မှာပါဝင်တဲ့ ဆီတွေနဲ့ ချွေးတွေပေါင်းကာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး နဖူးပြင်မှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဖော်ပြပါ အလေ့အထတွေကို ဆင်ခြင်လိုက်မယ်ဆိုရင်တော့ နဖူးမှာပေါက်တဲ့ ဝက်ခြံကို သက်သာသွားနိုင်ပါတယ်။


အလှအပရေးရာနှင့် ပတ်သက်၍ သင့် ထင်မြင်ချက်များကို ဆန်းစစ်ပါ

 

သနပ်ခါးလိမ်းတာက ချွေးပေါက်ပိတ် စေသလား

သနပ်ခါးမှာ ရေဓာတ်ပါဝင်တာကြောင့် သနပ်ခါးလိမ်းထားတဲ့အခါ အသားအရေ အေးမြမှုကို ခံစားရပါတယ်။ သနပ်ခါးမှာ တန်နင်အက်စစ် (Tanin Acid) ပါတယ်။  တန်နင်အက်စစ်က ချွေးပေါက်၊ အဆီပေါက်တွေကို တင်းရင်းစေတာမို့ အဆီထွက်နည်းစေတယ်။ အဆီထွက်တာနည်းတော့ ဝက်ခြံပေါက်နိုင်တဲ့ အခွင့်အလမ်းနည်းတယ်။ ဒါပေမဲ့ ရှိပြီးသား ဝက်ခြံတွေကိုတော့ သိသိသာသာ သက်သာစေတဲ့ အစွမ်းကို မတွေ့ရပါဘူး။

ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက ဓာတ်မတည့်မှု ဖြစ်လွယ်စေသလား

အမွှေးနံ့ (Fragrance) နည်းတဲ့ အလှပြင်ပစ္စည်း၊ ဓာတုပစ္စည်းမဟုတ်တဲ့ သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကို အသုံးပြုပါ။ အလှပြင်ပစ္စည်းထဲမှာ ဓာတုပစ္စည်း ပါဝင်မှုများလေလေ ဓာတ်မတည့်တာ ပိုဖြစ်လွယ်လေလေပါ။ တစ်ယောက်နဲ့ တစ်ယောက်တော့ ဓာတ်မတည့်မှု ဖြစ်တာတွေက မတူညီနိုင်ပါဘူး။ ဓာတ်မတည့်တာကို ကာကွယ်နိုင်ဖို့က အလှပြင်ပစ္စည်း ဝယ်ယူတဲ့အခါ မျက်နှာအသားအရေနဲ့ ခပ်ဆင်ဆင်တူတဲ့ လက်ဖျံအတွင်းဘက် အသားမှာလိမ်းကြည့်ပါ။ လိမ်းထားလိုက်လို့ ယားတာ၊ ရောင်တာ၊ နီတာတွေ မရှိဘူးဆိုရင် အသားအရေနဲ့ တည့်ပါတယ်။ စိတ်ချလက်ချ သုံးလို့ရပါတယ်။ အလှပြင် ပစ္စည်းတွေက အမျိုးအမည်တွေ များတာကြောင့် တစ်ယောက်အသားအရေနဲ့ တစ်ယောက် တည့်တာချင်းလည်း မတူညီနိုင်ပါဘူး။ ဒါကြောင့် စမ်းသပ်ပြီးမှ လိမ်းတာက အကောင်းဆုံးပါ။

အလှပြင်ပစ္စည်းတွေမှာ ရေးထားသလို စိတ်ချယုံကြည်လို့ ရနိုင်ပါသလား

တချို့အလှပြင်ပစ္စည်းတွေမှာ Non-allergic, Hypo-allergic, Fragrance Free စတာတွေ ရေးထား တတ်ပါတယ်။ Fragrance Free ဆိုတာက အနံ့မပါဘူးလို့ အဓိပ္ပာယ်ရပါတယ်။ အနံ့တစ်ခုရဖို့ အတွက်ဆိုရင် ဓာတုပစ္စည်းအမျိုးပေါင်း ၁၀၀ လောက် ပေါင်းရပါတယ်။ တချို့အလှပြင် ပစ္စည်းတွေမှာ Non-comedogenic လို့ ရေးပါတယ်။ အဲဒါကတော့ ဝက်ခြံမပေါက်စေဘူးလို့ ဆိုလိုပါတယ်။ တချို့အလှပြင် ပစ္စည်းတွေကျတော့ Dermatologist Tested ဆိုပြီး အရေပြားဆရာဝန်တွေ စမ်းသပ် ထားပြီးသားပါလို့ ရေးတတ်ကြပါသေးတယ်။ သူတို့ရဲ့ ထုတ်ကုန်ကို သုံးစွဲသူတွေ ပိုမိုယုံကြည်လာအောင် ရေးတတ်ကြပါတယ်။ သင့်အနေနဲ့ အရေပြား ဆရာဝန်တွေ စမ်းသပ်စစ်ဆေးမှုလုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေနဲ့ အမွေးနံ့ပါဝင်မှုနည်းတဲ့ ပစ္စည်းတွေကိုသာ ရွေး ချယ်ဝယ်ယူတာက အသားအရေအတွက် ပိုမိုစိတ်ချရပါတယ်။

မျက်နှာအဆီပြန်တာက ဝက်ခြံပိုထွက်စေသလား

မျက်နှာအဆီပြန်တာ၊ ဆားဝက်ခြံ ထွက်တာတွေက ဝက်ခြံဖြစ်ဖို့ အလားအလာ ရှိပါတယ်။ အသုံးပြုတဲ့ Skin Care တွေမှာ Tretinon နဲ့ AHA ပါဝင်တာတွေကို အသုံးပြုပေးပါ။ မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆပ်ပြာ အသုံးပြုတာနဲ့ တိုနာတွေ အသုံးပြုတဲ့အခါ For Oily Skin ဆိုတာကို ရွေးသုံးပါ။ အဆီပြန်တဲ့ အသားအရေ ရှိသူတွေဟာ အစိုဓာတ်ထိန်း ခရင်မ်ကို မသုံးသင့်ဘူးလို့ ထင်တတ်ကြပါတယ်။ အဆီပြန်တဲ့ အသားအရေရှိသူတွေရော၊ ခြောက်သွေ့တဲ့ အသားအရေ ရှိသူတွေရော အစိုဓာတ်ထိန်း ခရင်မ်ကို အသုံးပြုနိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေရှိသူတွေက Alcohol ပါဝင်တဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို အသုံးပြုရပါမယ်။ အသားအရေ ခြောက်သွေ့သူတွေကတော့ Alcohol Free လို့ ရေးထားတဲ့ အယ်လ်ကိုဟော မပါဝင်တဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို သုံးရပါမယ်။ Oil-Free Cosmetic တွေက ရေရှည်မှာ အဆီပြန်တာ သက်သာစေတဲ့အပြင် ဝက်ခြံထွက်တာကိုပါ သက်သာစေပါတယ်။

တိုနာအသုံးပြုတာက ချွေးပေါက် ကျဉ်းစေသလား

တိုနာက ချွေးပေါက်ကျဉ်းစေတယ် ဆိုပေမယ့် အဓိက လုပ်ငန်းတာဝန်က မျက်နှာကို အဆုံးစွန်အထိ သန့်ရှင်းရေး လုပ်ပေးပါတယ်။ Cleanser နဲ့ သန့်စင်ပြီး နောက်မှာ ကျန်ခဲ့တဲ့ အညစ်အကြေး အကြွင်းအကျန်တွေကို ထပ်မံသန့်စင် ပေးပါတယ်။ တိုနာက ချွေးပေါက်ကျဉ်းစေတယ် ဆိုတာက ခဏတာပဲ ကျဉ်းစေတာပါ။ အာနိသင်ပြယ်သွားရင် ချွေးပေါက်ပြန်ကျယ်လာပါတယ်။ ချွေးပေါက်ကျယ်တာကို ကျဉ်းအောင်ဆိုရင် Tretinon နဲ့ AHA ပါဝင်တာတွေကို ညတစ်ကြိမ် လိမ်းပေးပါ။

အိပ်ရေးပျက်များတာက အသားအရေ ညစ်နွမ်းစေသလား

အိပ်ရေးပျက်တာ များတဲ့အခါ အသားအရေတွေက ညစ်နွမ်းလာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားကို သွေးလျှောက်တာ နည်းသွားတာကြောင့် အသားအရေက ကြည်လင်မှု မရှိတော့ပါဘူး။ အိပ်ရေးဝဝအိပ်ပါ။ အိပ်မပျော်ပါက မအိပ်ခင် နွားနို့နွေးနွေး တစ်ခွက်သောက်တာ၊ ရေနွေးနွေးနဲ့ ရေချိုးပေးတာတွေ လုပ်ဆောင်ပါ။ အိပ်တဲ့အခါ အခန်းကို မီးအမှောင်ချပြီး အိပ်စက်ပါ။ စိတ်ဖိစီးမှုများတာက နုပျိုမှုကို အဟန့်အတား ဖြစ်စေသလား စိတ်ဖိစီးမှုများတာက သင့်ခန္ဓာကိုယ်တွင်းမှာ Free Radical တွေ ထွက်စေပြီး သင့်အသားအရေရဲ့ နုပျိုလှပမှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါ့အပြင် အရေးကြောင်းတွေကိုလည်း ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုနည်းအောင် လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အကောင်းမြင်စိတ် မွေးမြူတာ၊ အလုပ်ကို စနစ်တကျ စီမံတာတွေ လုပ်ဆောင်ပေးပါ။

ရေသောက်နည်းတာက အသားအရေ ခြောက်သွေ့စေသလား

ရေသောက်နည်းတဲ့အခါ ရေဓာတ် ခန်းခြောက်တာကြောင့် အသားအရေတွေကို ခြောက်သွေ့စေပါတယ်။ ရေသောက်နည်းတာက အရေပြားဆီကို သွေးလှည့်ပတ်မှု နည်းသွားတာကြောင့် အသားအရေတွေ ခြောက်သွေ့ရတာပါ။ တစ်နေ့ကို အနည်းဆုံး ရေရှစ်ဖန်ခွက် သောက်ပေးပါ။ အချိုရည်တွေ မသောက်ဘဲ ရေဆာရင် ရေပဲသောက်ပေးပါ။

ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)

အူမကြီးကင်ဆာ ရောဂါကို ကာကွယ်နိုင်သည့် နည်းလမ်း ငါးသွယ်



၁။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြားပါဝင်သော ကော်ဖီသောက်ပါ

နေ့စဉ် ကော်ဖီသုံးခွက် သောက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ကြောင်း ဗင်ဒါဗစ် တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ ကော်ဖီမှ Chlorogenic နဲ့ Caffeic အက်စစ်ကို စုပ်ယူခဲ့ရင် ကင်ဆာဆဲလ်အဖြစ် မပြောင်းလဲခင်မှာပင် ကြီးထွားမှု ရပ်တန့်သွားတာကြောင့်လို့ ဆိုပါတယ်။

၂။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို နံနက်စာအဖြစ် စားသုံးပါ

မနက်တိုင်း ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ ကွေကာ (Bran Cereal) ကို ခွက်တစ်ဝက်စာ စားသုံးတာကြောင့် အူမကြီးအတွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှု ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း USDA ရဲ့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ အမျှင်ဓာတ်တွေဟာ အူအမြှေးပါးတွေကို ပျက်စီးစေနိုင်တဲ့ သည်းခြေ အက်စစ်တွေနဲ့ ပူးပေါင်းလိုက်တာကြောင့်ပါ။ ဒါ့အပြင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေတဲ့ ဝမ်းချုပ်တာ မဖြစ်အောင်လည်း ကာကွယ်ထားနိုင်လို့ပါ။

၃။ ကင်ဆာဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်း လျှော့ချနိုင်အောင် သစ်သီးများများစားပါ

နေ့စဉ် ခွက်နှစ်ခွက်ခွဲစာ သစ်သီးစားသုံးသူတွေဟာ ကင်ဆာအကြို ဖြစ်နိုင်ခြေ အူမကြီးအတွင်း အသားပို (Polyp) ထွက်နှုန်း ၃၈ ရာခိုင်နှုန်း လျော့နည်းသွားနိုင်ပါတယ်။ Polyp ရှိသူတွေဟာ ငါးနှစ်မှ ၁၀ အတွင်း ကင်ဆာဖြစ်သွားတတ်လို့ပါ။ သစ်သီးတွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်လို့ပါ။

၎။ ဟင်းခတ်အမွှေးအကြိုင်များ အသုံးပြုပါ

နနွင်းကို အဝါရောင်ဖြစ်စေတဲ့ ကာကူမင်ဒြပ်ပေါင်းဟာ ၂၄ နာရီအတွင်း အူမကြီး ကင်ဆာဆဲလ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်နိုင်တယ်လို့ လူစီယားနား တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ နေ့စဉ် ဟင်းချက်တိုင်း နနွင်း အသုံးပြုပေးပါ။

၅။ အရက်ပမာဏ လျှော့သောက်ပါ

ဝီစကီ၊ ဂျင်မ်၊ ဒါမှမဟုတ် ဗော်ဒကာကို အပတ်စဉ် ကိုးခွက်ထက် ပိုသောက်သူတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ သုံးဆ ပိုများတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ နေ့စဉ် ဝိုင်အနီ တစ်ခွက် သောက်တာဟာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဖလေဗိုးနွိုက်တွေ ပါဝင်လို့ပါ။      

ဒေါက်တာခင်မိုးမိုး 
Good Health

ဗိုင်းရပ်အကိုက်ခံရပြီးနောက် ပျောက်ဆုံးနေသော Data များ




ကွန်ပျူတာတွေမှာ ဗိုင်းရပ်အကိုက်ခံရပြီးနောက်ပိုင်းမှာ Data ပျောက်ကွယ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ထည့်ထားတဲ့ DATA တွေ မတွေ့ရတော့တဲ့အခါ စိတ်ညစ်ပြီး Viurs ကင်းသွားအောင်ဆိုပြီး format ပြုလုပ်ဖို့တော့ မစဉ်းစားလိုက်ပါနဲ့ အမှန်တကယ်တမ်းက Virus တွေဟာ များသောအားဖြင့် DATA တွေကို Hidden File အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ပြီးတော့ မိမိ DATA တွေအစား အမည်တူ Virus တွေကိုတည် ဆောက်လိုက်ကြပါတယ်။ အသုံးပြုသူက မသိလို့ သွားပြီး ဖွင့်မိတဲ့အခါမှာတော့ User ရဲ့ ခွင့်ပြုချက်နဲ့ Virus တွေကို Run ခွင့် ပြုလိုက်သလို ဖြစ်သွားပါတယ်။ ဒါဆိုရင်တော့ အခြေအနေတော်တော် ဆိုးသွားပါပြီ။ Window ရဲ့ .exe တွေကိုလိုက်ပြီး ပူးနေရင်တော့ ပြသနာက စပါပြီ။ ကွန်ပျူတာ အသုံးပြုသူတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားလေးကို ပြောပြချင်ပါတယ်။ Virus ကို Run ပြုလုပ်မိသွားမှ သတိထားမိပြီး ငါ့ကွန်ပျူတာတော့ Virus ကိုက်ပါပြီဆိုပြီး Antivirus တွေထပ်တင် Update တွေလုပ် ပြီးတော့ Full Scan နဲ့ စစ်ချလိုက်ပါရော။ အဲဒီအခါမှာ Virus တွေပါ ဝင်ရောနေတဲ့ Window ရဲ့ System file တွေ exe တွေ အားလုံးကို Antivirus က Virus အဖြစ်နဲ့မြင်ပြီး Virus ပေါင်း ထောင်နဲ့သောင်းနဲ့ချီ ကိုက်နေသလိုမျိုး ပြတတ်ပါတယ်။ Full Scan စစ်လို့မပြီးခင်မှာပဲ Window ဟာ Restart ဖြစ်ပြီး ပြန်မတက်လာနိုင်တဲ့ ဘဝမျိုးကို ခဏခဏ ရောက်ကျရပါတယ်။ Recycler, Copy Shortcut လို Virus မျိုးတွေဟာ DATA တွေကို Hidden File, Folder အဖြစ် ပြောင်းလည်းပစ်ကြပါတယ်။ Hidden ဖြစ်နေတဲ့ သာမာန် File, Folder တွေကို ဖော်ရတာ မခက်ပေမယ့် Virus ကိုက်လို့ ပြန်ဖော်ရတဲ့အခါမှာတော့ လွယ်လွယ်ကူကူ မရရှိပဲ အခက်တွေ့ကြရပါတယ်။ ဒါကြောင့် Hidden တွေကို ပြန်ဖော်တဲ့ နည်းလေးကို ဖော်ပြပေးပါမယ်။

၁။ ပထမဆုံးအနေနဲ့ Tools ထဲက Folder options ကိုဝင်လိုက်ပါ(shortcut နဲ့ သွားချင်တယ်ဆိုရင်တော့ Alt+T– Alt+o)။
 
၂။ Folder options Box ကျလာပါလိမ့်မယ်။ အဲဒီအထဲကမှ View ထဲက Show hidden files, folders, and drives ကိုရွေးပြီးတော့ အမှန်ခြစ်နှစ်ခုကို ဖြုတ်ပေးလိုက်ပါ။ အမှန်ခြစ်ဖြုတ်တုန်းမှာ Yes or No မေးရင် Yes ကိုနှိပ်ပေးလိုက်ပါ။ အခုဆိုရင် Hidden ဖြစ်နေတဲ့ဖိုင်တွေ ပြန်ပေါ်လာပါပြီ။ ကျနော်တို့ Hidden Files ကို ပြန်ဖော်ဖို့က နည်းလမ်းသုံးသွယ်ရှိပါတယ်။

၁။ Hidden folder ကို Right click>Properties> Hidden ကို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ရင်လဲ ရပါတယ်။ ဒါကတော့ သာမာန် Hidden တွေကို ဖြုတ်တဲ့နည်းပေါ့။
 
၂။ ဒုတိယနည်းကတော့ Command Prompt ထဲကနေ ပြန်ဖော်တာပါ။
ပထမဦးဆုံး Start> All Programs> Accessories> Command Prompt ကို ခေါ်လိုက်ပါ။ shortcut နဲ့ သွားချင်တယ်ဆိုရင်တော့ (win + R> cmd) Command Prompt box ကျလာပြီဆိုရင် attrib –s –h –r drive name): (hidden folder name)။

၃။ တတိယအနေနဲ့ကတော့ Unhide software နဲ့ ပြန်ဖော်တာပဲ ဖြစ်ပါတယ်။ အပေါ်ကနည်းတွေနဲ့ မရရင် ဒီနည်းက အကောင်းဆုံးပါပဲ။ Software ကို ကျွန်တော်ကိုယ်တိုင် ပြုလုပ်ပေးထားတာမို့ စိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်။
Software ကို အရင်ဆုံး http://www.saithantsin.com/2012/08/unhide-software.html  မှ Download ဆွဲလိုက်ပါ။ rar ဖိုင်ကို ဖြည်လိုက်ပါ။
Hidden folder ကို ဆွဲယူပြီးတော့ software လေးပေါ် တင်ပေးလိုက်ပါ။
ဒါဆိုရင် Folder, File တွေဟာ အလိုလို ပြန်ပေါ်လာပါလိမ့်မယ်။ Hidden ဖြစ်နေတဲ့ File, Folder တွေအားလုံးကို တစ်ခုခြင်းစီ ဆွဲတင်ပေးပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။    



ယနေ့ခေတ်မှာ Internet အသုံးပြုတတ်သူတိုင်းနီးပါး Facebook အသုံးပြုကြပါတယ်။  Facebook ဟာ Timeline Cover Design ကို ပြောင်းလဲ အသုံးပြုပြီးခဲ့တဲ့ နောက်ပိုင်း ပိုပြီးအသက်ဝင် လှုပ်ရှားလာပါတယ်။ Blog Interface ပုံစံကို ကူးပြောင်းလာတာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် အောင်မြင်ကျော်ကြားတဲ့ Social Networking Website တစ်ခုလည်း ဖြစ်ပါတယ်။ အဲလို Timeline ကို ပြောင်းလဲလိုက်တဲ့ အခါမှာတော့ ကြိုက်နှစ်သက်တဲ့ လူရှိသလို မကြိုက်နှစ်သက်တဲ့ သူတွေလည်း ရှိပါတယ်။ ကြိုက်နှစ်သက်တဲ့ သူတွေကလည်း ပုံတွေကို စိတ်ကြိုက်တင်ရင်း ရိုးအီလာကြပါတယ်။ ဒါကြောင့် ကိုယ့် Timeline မှာ ပုံတွေတင်ဖို့ ထပ်မရှာနိုင်တော့တာပဲဖြစ်ဖြစ် ဒီဇိုင်းလန်းလန်းလေး လုပ်ချင်တာပဲဖြစ်ဖြစ် အပြောင်းအလဲလေးတော့ ဖြစ်ချင်မယ် ထင်ပါတယ်။ အဲဒီလို အပြောင်းအလဲ ဖြစ်ချင်တဲ့သူတွေအတွက် Timeline Cover လှလှလေးတွေ ပြုလုပ်နိုင်တဲ့ ဆိုက်လေးနဲ့ အသုံးပြုနည်းကို ညွှန်းပေးပါမယ်။ ဆိုက်ရဲ့လိပ်စာကတော့ http://timelinecoverbanner.com/11/paper-texture-facebook-timeline-banner-background/# ဖြစ်ပါတယ်။ မိမိရဲ့ Facebook အကောင့်ကို အရင်ဝင်ထားဖို့ လိုပါတယ်။ ပြီးရင် ဆိုက်ရဲ့လိပ်စာကို သွားနိုင်ပါပြီ။ ဒါဆိုရင် အောက်ကပုံအတိုင်း ပေါ်လာပါမယ်။





 Upload Photo ဆိုတဲ့နေရာမှာတော့ မိမိဓာတ်ပုံကို တင်ရမှာ ဖြစ်ပါတယ်။ Upload Background ကတော့ နောက်ခံထားမယ့်ပုံပါ။ အဲဒီလို နှစ်ခုခွဲတင်လိုက်ရင်တော့ သိပ်မထူးဆန်းတော့ပါဘူး။ ပုံမှန်အတိုင်း တင်လည်းရပါတယ်။ ဒါပေမဲ့ ပုံကို ထူးထူးဆန်းဆန်းလေး ဖြစ်သွားအောင် လုပ်လို့ရပါသေးတယ်။ ကျွန်တော်တို့ Upload Background ဆိုတာကို နှိပ်ပြီး အရင်ဦးဆုံး Background ကို တင်ပါမယ်။ ကျွန်တော် ရှမ်းအလံပုံကို တင်လိုက်ပါတယ်။ အဲဒီမှာ BG Hue, BG Saturation, Brightness, Contrast တွေကို ပြုပြင်နိုင်ပါသေးတယ်။ ဘယ်ဘက်မှာပါတဲ့ Tool box ထဲမှာ Tool များကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ စာရေးချင်တာပဲဖြစ်ဖြစ် Drawing နဲ့ Colour ဖြည့်သွင်းတာတွေပါ ပြုလုပ်နိုင်ပါတယ်။ အခုဆိုရင် Timeline Cover နဲ့ Profile Photo ဟာ တစ်ဆက်တည်း ဖြစ်နေတာကို တွေ့ရမှာပါ။

မိမိရဲ့ Timeline ကို အခု မြင်တွေ့နေရတဲ့ ပုံအတိုင်း ပြုလုပ်ချင်ရင် Save Profile photo ကိုနှိပ်ပြီး Profile Photo ကို သိမ်းပါ။ ပြီးလျှင် မိမိ Facebook Profile Photo နေရာမှာ Upload ပြုလုပ်ပါ။ Timeline Cover ကိုလည်း Save Timeline Cover ကို နှိပ်ပြီး ပုံကို Save ပြုလုပ်ပါ။ ပြီးရင်တော့ မိမိရဲ့ Facebook Timeline Cover မှာ Upload ပြုလုပ်ပါ။ အောက်ကပုံကတော့ Save ပြုလုပ်လိုက်ရင် ရလာမယ့် ပုံလေးတွေပါ။ Profile Pic ကို Profile Photo မှာ Upload လုပ်ပါ။ Timeline Cover ဆိုတာကို Timeline မှာ Upload ပြုလုပ်ပါ။ နှစ်ခုစလုံး ပြုလုပ်ပြီးပြီဆိုရင်တော့ အောက်ကပုံအတိုင်း ရလာမှာပါ။

သင့်မှာ PNG Format ပုံတွေ ရှိတယ်ဆိုရင် အောက်က ဖော်ပြပါပုံအတိုင်းလည်း ပြုလုပ်နိုင်ပါတယ်။ Background ကို ဦးစွာ တင်ပါတယ်။ ပြီးတော့ Upload Photo ကနေ ပြီးတော့ ဝိုင်ပုလင်းပုံ PNG Format ကိုတင်ပါတယ်။ ပြီးတော့ ဆိုက်အကြီးအသေးနဲ့ နေရာကိုလည်း စိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။ ပုံတွေမှားတင်မိလို့ ပြန်ဖျက်ချင်ရင် ညာဘက် အပေါ်ပိုင်းမှာရှိတဲ့ Undo Drawing ဒါမှမဟုတ် Clear Canvas နဲ့ ဖျက်နိုင်ပါတယ်။ Timeline ကို ရှင်းချင်ရင်တော့ Clear Background ကို နှိပ်ခြင်းဖြင့် ရှင်းနိုင်ပါတယ်။ ပြီးရင်တော့ အပေါ်ကလိုပဲ ပုံတွေကို Save ပြုလုပ်ပြီး မိမိ Account မှာ ပြန်တင်နိုင်ပါပြီ။စိုင်းသန့်စင်

Facebook ကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်စေမည့် အချက်များ



Facebook ဟာ လူမှုရေးကွန်ရက် ဝက်ဘ်ဆိုက်တွေထဲမှာ လူသုံးအများဆုံး ဖြစ်သလို ဆိုက်ရဲ့ ဒီဇိုင်းအပါအဝင် ပြုပြင်ပြောင်းလဲမှု များစွာကို ပြုလုပ်ထားပါတယ်။ အခုဖော်ပြမယ့် အချက်များဟာ အသုံးပြုသူရဲ့ Facebook အတွေ့အကြုံကို နောက်တစ်ဆင့် တက်စေပြီး လူမှုရေးကွန်ရက်ကို အသုံးပြုတဲ့ အခါမှာလည်း ယခင်ကထက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံနဲ့ အသုံးပြုစေမှာ ဖြစ်ပါတယ်။

သူငယ်ချင်းအချို့ကို offline လုပ်ထားခြင်း

Facebook chat window ကိုဖွင့်ပြီး စက်သွားပုံစံ option ခလုတ်ကို နှိပ်ပါ။ ထို့နောက် "Advanced Settings" သို့သွားပါ။ Pop-up window တစ်ခု ပေါ်လာတဲ့အခါမှာ "Turn  on chat for all friends except" အောက်မှာရှိတဲ့ box အတွင်း offline အဖြစ် မြင်တွေ့စေလိုတဲ့ သူငယ်ချင်းများကို ရွေးချယ်ထည့်သွင်းပါ။ သူငယ်ချင်း အချို့ကိုသာ online အဖြစ် မြင်တွေ့စေလိုရင်တော့ "Turn of chat for only some friends" အောက်မှာရှိတဲ့ box မှာ online အဖြစ် မြင်တွေ့စေလိုတဲ့ သူငယ်ချင်း အမည်များကို ထည့်ပါ။

Timeline ဓာတ်ပုံများကို နေရာချိန်ညှိခြင်း

ဓာတ်ပုံတစ်ပုံကို Facebook တင်လိုက်တဲ့အခါမှာ Timeline မှာ ကိုယ်လိုချင်တဲ့အတိုင်း ဓာတ်ပုံမပေါ်တဲ့ အခက်အခဲနဲ့ ကြုံတွေ့နိုင်ပါတယ်။ အဲဒီလို အခက်အခဲနဲ့ ကြုံတွေ့တဲ့ အခါမှာ Timeline စာမျက်နှာမှာ ရှိတဲ့ပုံရဲ့ ညာဘက် အပေါ်ထောင့်က "Edit Photo" ကိုနှိပ်ပြီး "Reposition Photo" option ကိုရွေးပါ။ ထို့နောက် ဓာတ်ပုံကိုနှိပ်ပြီး လိုချင်တဲ့ အနေအထားအတိုင်း ချိန်ညှိပါ။

ဓာတ်ပုံများတွင် ရိုက်ကူးခဲ့သည့်နေရာ ထည့်သွင်းဖော်ပြခြင်း

Facebook မှာပါဝင်တဲ့ "Places" feature ဟာ ဓာတ်ပုံများကို ရိုက်ကူးခဲ့တဲ့ ကမ္ဘာတစ်ဝန်းမှ နေရာများကို အလွယ်တကူ ဖော်ပြပေးနိုင်ပါတယ်။ Places စာမျက်နှာများရှိတဲ့ "Add Photos to Map" ကိုနှိပ်ပြီး ဓာတ်ပုံများကို tag ပြုလုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ အကယ်၍ ဓာတ်ပုံတွေကို iPhone နဲ့ Android mobile app ကနေ Facebook profile ထိ တိုက်ရိုက်တင်လေ့ ရှိတယ်ဆိုရင်တော့ map တစ်ပါတည်း ပါဝင်တာကို တွေ့ရပါမယ်။

App notification များကို အလွယ်တကူ hide လုပ်ခြင်း

News feed ထဲကို ဝင်ရောက်လာတဲ့ သူငယ်ချင်းတွေရဲ့ app notification တွေကို hide  ပြုလုပ်လိုတဲ့အခါမှာ Account Settings>Notifications tab သို့သွားပြီး သက်ဆိုင်ရာ app notification က uncheck ပြုလုပ်ပါ။ ဒီနည်းလမ်းဟာ ခင်မင်ရင်းနှီးမှုကို မပျက်စေဘဲ အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဓာတ်ပုံများကို high resolution ဖြင့်တင်ခြင်း

တစ်ခါတစ်ရံမှာ အလွန်ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ပုံကို သူငယ်ချင်းများထံ ဝေမျှလိုတဲ့အခါ Facebook profile မှာ အဆိုပါပုံကို တင်ပြီးတဲ့အခါ သေးငယ်ပြီး မှုန်းဝါတဲ့ ဓာတ်ပုံအနေနဲ့ မြင်တွေ့ရနိုင်ပါတယ်။ ဒါကြောင့် Facebook album တွေမှာ ဓာတ်ပုံတစ်ပုံကို uploate မပြုလုပ်မီ "High Quality" box ကို click လုပ်ရန် သတိပြုပါ။

"View As" option ကိုအသုံးပြုခြင်း

အသုံးပြုသူရဲ့ Facebook Timeline ကို သူငယ်ချင်းတွေက လာရောက် ကြည့်ရှုတဲ့အခါ ဘယ်လိုပုံစံနဲ့ မြင်တွေ့ရမလဲ ဆိုတာကို "View As" option ကို အသုံးပြုပြီး ကြည့်ရှုနိုင်ပါတယ်။ Timeline စာမျက်နှာရဲ့ "Activity Log" ဘေးမှာရှိတဲ့ setting icon ကိုနှိပ်ပါ။ ထို့နောက် "View As" ကိုနှိပ်ပါ။ အသုံးပြုသူရဲ့ Facebook Timeline ကို သူငယ်ချင်းတွေက လာရောက်လည်ပတ် ကြည့်ရှုတဲ့အခါ မြင်ရမယ့် ပုံစံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Facebook history တစ်ခုလုံးကို download ပြုလုပ်ခြင်း

Status update အပါအဝင် Facebook profile တစ်ခုလုံးကို ချက်ချင်းဆိုသလို download ပြုလုပ်နိုင်ဖို့အတွက် Facebook က အလွယ်တကူ ပြုလုပ်ထားပါတယ်။ Account Settings စာမျက်နှာရဲ့ အောက်ဘက်မှာရှိတဲ့ "Download a copy of your Facebook data" link ကို နှိပ်ပြီး archive တစ်ခုလုံးကို download ပြုလုပ်နိုင်ပါတယ်။

Facebook conversations များကို forward ပြုလုပ်ခြင်း

Facebook conversation များကို လူအများအပြားထံ ပေးပို့တဲ့အခါမှာ copy and paste နည်းလမ်းအစား Facebook message တိုင်းရဲ့ ထိပ်ဘက်မှာရှိတဲ့ "Actions" tab ကိုနှိပ်ပြီး forward လုပ်ခြင်းဖြင့် အခြားသူများထံ ပေးပို့နိုင်ပါတယ်။

Like the Page

Like the Page ကတော့ Firefox အသုံးပြုသူများအနေနဲ့ built-in Facebook share ခလုတ်မပါတဲ့ ဆိုက်တွေနဲ့ မည်သည့်ဝက်ဘ်ဆိုက် စာမျက်နှာကိုမဆို ချက်ချင်း ဝေမျှနိုင်မယ့် Firefox add-on ဖြစ်ပါတယ်။ Browser window တိုင်းရဲ့အောက်ခြေမှာ သေးငယ်တဲ့ "Like" icon ပေါ်လာမှာဖြစ်ပြီး ၎င်းခလုတ်ကို နှိပ်ခြင်းဖြင့် ဝေမျှနိုင်ပါတယ်။

FB Purity

ဒီ Firefox  plug-in  ကတော့ Facebook ပေါ်က မွေးနေ့များ၊ relationship update များ၊ tag တွဲထားတဲ့ ဓာတ်ပုံများ၊ link များအပါအဝင် မည်သည့် notification ကိုမဆို hide ပြုလုပ်ထားနိုင်ပြီး Facebook ကို ရှင်းရှင်းလင်းလင်းနဲ့ အသုံးပြုနိုင်စေပါတယ်။

Facebook auto-logout

Facebook auto-logout ကတော့ Facebook window အလုပ်မလုပ်တဲ့အချိန် ကြာမြင့်သွားတဲ့အခါမှာ အလိုအလျောက် sign-out ပြုလုပ်ပေးနိုင်တာကြောင့် အသုံးပြုသူအတွက် လုံခြုံမှုရှိစေမယ့် Firefox add-on ဖြစ်ပါတယ်။

Chat sign-in ပိတ်ခြင်းကို default ပြုလုပ်ထားခြင်း

Status update ကို ရှာဖွေ ဖတ်ရှုနေချိန်အတွင်း chat ပြုလုပ်လိုစိတ် မရှိပါက Facebook chat window မှာရှိတဲ့ Settings icon ကိုနှိပ်ပြီး "Turn of chat" ကိုနှိပ်ပါ။ ၎င်းကဲ့သို့ ပြုလုပ်ပြီးတဲ့အခါမှာ message များကို pop-up အနေနဲ့မဖော်ပြတော့ဘဲ inbox ထံပေးပို့မှာ ဖြစ်ပါတယ်။

Facebook ကို business card အနေဖြင့် အသုံးပြုခြင်း

Timeline စာမျက်နှာမှာ အသုံးပြုသူရဲ့ အကြောင်းကို business card တစ်ခုအနေနဲ့ အတိအကျ ဖော်ပြလိုတဲ့အခါမှာ အသုံးပြုသူရဲ့ Timeline နာမည်အောက်ရှိတဲ့ "About" line ကိုနှိပ်ပါ။ Contact Info window ဘေးမှာရှိတဲ့ business card icon ကိုနှိပ်ပါ။ Moo.com ထံ ရောက်သွားပါလိမ့်မယ်။ အဲဒီမှာ Facebook ပုံစံ business card ကို စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်ပါတယ်။

Facebook update ကို Twitter နှင့် အသုံးပြုခြင်း

လူမှုရေးကွန်ရက် အားလုံးကို အသုံးပြုဖို့ အချိန်မပေးနိုင်သူများ အနေနဲ့ Facebook နဲ့ Twitter ကို ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။ Facebook ပေါ် က Twitter app စာမျက်နှာကို သွားပါ။ ထို့နောက် Twitter ကနေ Facebook app ကို authorize လုပ်ပြီးတဲ့အခါမှာ tweet အားလုံးကို status update များအနေနဲ့ Facebook မှာ မြင်တွေ့နိုင်ပါပြီ။

PC ထံသို့ Facebook calendar ကို export လုပ်ခြင်း

အရေးကြီးတဲ့ event တွေနဲ့ လွဲချော်မှု မရှိစေရန်အတွက် Facebook calendar ကို Microsoft Outlook နဲ့ Apple iCal တို့မှာ export လုပ်ထားနိုင်ပါတယ်။ "Events" tab အောက်မှာရှိတဲ့ Facebook calendar သို့သွားပါ။ ထို့နောက် settings icon ကိုနှိပ်ပါ။ "Expor" ကိုနှိပ်ပါ။ ထို့နောက် Facebook မွေးနေ့စာရင်းနဲ့ event တွေကို ရွေးပါ။ Desktop ပေါ်မှာရှိတဲ့ calendar app ကိုဖွင့်ပြီး export လုပ်ပါ။

Facebook Photo zoom

Facebook Photo zoom လို့ခေါ်တဲ့ chrome extension ဟာ news feed ပေါ်က ဓာတ်ပုံများကို နှိပ်စရာမလိုဘဲ full size အနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ Mouse cursor ကို image thumbnail ကိုတင်လိုက်ရုံနဲ့ အရွယ်ကြီးမားတဲ့ ဓာတ်ပုံကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် zoom ကိုလည်း ချိန်ညှိနိုင်ပါတယ်။

Revert Facebook Photo viewer

ဒီ chrome extension ကတော့ ယခင် Facebook ရဲ့ photo feature အတိုင်း ဓာတ်ပုံများကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံများကို ယခင် feature အဟောင်းအတိုင်း တွေ့မြင်ရမှာ ဖြစ်သလို comment section နဲ့ Like option တို့ကိုလည်း ယခင်အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

Facebook Chat notifications

Facebook Chat notifications ကတော့ message ဝင်ရောက်လာတဲ့ အခါမှာ desktop ပေါ်ကနေ pop-up window တစ်ခုနဲ့ အသိပေးမယ့် chrome extension ဖြစ်ပါတယ်။

iPhone 5 တွင် အသုံးပြုထားသည့် nano-SIM အကြောင်း သိထားသမျှ



ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆန်ဖရန်စစ္စကိုမြို့မှာ မိတ်ဆက်ပေးခဲ့တဲ့ Apple ရဲ့ iPhone 5  ဖုန်းသစ်မှာ အများမျှော်လင့်ထားသလိုပဲ အတည်ပြုချက်ရထားတဲ့ nano-SIM စံသတ်မှတ်ချက်ကို အသုံးပြုထားပါတယ်။ ၎င်း nano-SIM ဟာ ၁၉၉၀ ခုနှစ် အစောပိုင်းမှာ GSM မိုဘိုင်းဖုန်းတွေကို မိတ်ဆက်ပေးခဲ့စဉ်က အသုံးပြုခဲ့တဲ့ Subscriber Identity Module (SIM) ကတ်တွေရဲ့ စတုတ္တမြောက် မျိုးဆက်လည်း ဖြစ်ပါတယ်။ iPhone4, iPhone 4S နဲ့ iPad မှာ အသုံးပြုထားတဲ့ micro-SIM ထက် ပိုမိုသေးငယ်တာကြောင့် အခြားထုတ်ကုန်ထံသို့ ပြောင်းလဲအသုံးပြုတဲ့ အခါမှာလည်း အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် သုံးစွဲသူများအတွက် အခက်ကြုံနေရတဲ့ အဆိုပါ SIM ကတ်သစ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များကို ဖော်ပြလိုက်ပါတယ်။ ပထမဦးဆုံး အသုံးပြုခဲ့တဲ့ SIM ကတ်ဟာ credit card တစ်ခုအရွယ်နီးပါး ရှိပါတယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ခြင်း မရှိတာကြောင့် လူသိနည်းပါတယ်။ ၎င်းကို 1FF ကတ်လို့ ခေါ်ပါတယ်။ မိုဘိုင်းဖုန်းသမိုင်းမှာ အထင်ရှားဆုံးကတော့ SIM သို့မဟုတ် mini-SIM လို့ခေါ်တဲ့ 2FF ကတ်များ ဖြစ်ပါတယ်။ Apple iPhone 4 ထွက်ပေါ်လာချိန်မှာတော့ 3FF ကတ်လို့ ခေါ်တဲ့ micro-SIM အသုံးပြုမှုဟာ ပိုမိုကျော်ကြားလာပါတယ်။ အဆိုပါ micro-SIM Apple ကို ၂၀၁၀ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး အသုံးပြုသူများဟာ 25x15mm ရှိတဲ့ mini-SIM ကို ကတ်ကြေးနဲ့ ခွဲစိတ်ခန်းသုံးဓားဖြင့် ဖြတ်ကာ 15x12mm ရှိတဲ့ micro-SIM ကို အသုံးပြုခဲ့ကြပါတယ်။

4FF ကတ်လို့ခေါ်တဲ့ Nano-SIN သစ်ကိုတော့ Apple က iPhone 5 နဲ့အတူ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ Apple က ဒီဇိုင်းပြုလုပ်ထားတဲ့ nano-SIM ကို ဥရောပ ဆက်သွယ်ရေး စံသတ်မှတ်မှု အဖွဲ့အစည်း (ETSI) က ပြီးခဲ့တဲ့ ဇွန်လမှာ မိတ်ဆက်ပေးခဲ့တာပါ။ ၎င်း nano-SIM ဟာ လက်ရှိ micro-SIM ထက် ၄၀ ရာခိုင်နှုန်း သေးငယ်ပြီး အတိုင်းအတာကတော့ အကျယ် ၁၂.၃ မီလီမီတာ၊ အမြင့် ၈.၈ မီလီမီတာနဲ့ အထူ ၀.၆၇ မီလီမီတာ ဖြစ်ပါတယ်။ Nano-SIM ဟာ အရွယ်အစားကလွဲပြီး လက်ရှိ SIM ကတ်များနဲ့  ကွဲပြားခြားနားမှု မရှိသလို တူညီတဲ့ အရည်အသွေးကိုလည်း အထောက်အပံ့ပေးပါတယ်။ Nano-SIM ရဲ့ အရွယ်အစားဟာ သေးငယ်တဲ့အတွက် အားနည်းချက် ရှိပါတယ်။ သာမန် SIM ကတ်များကနေ ဖြတ်ထုတ်ပြီး ပြုလုပ်ထားတဲ့ micro-SIM ကတ်များနဲ့ မတူတဲ့ အချက်များကတော့ nano-SIM ကို ၎င်း နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှု မရှိခြင်းနဲ့ micro-SIM ထက် ၁၅ ရာခိုင်နှုန်း ပိုမိုပါးလွှာခြင်းတို့ ဖြစ်ပါတယ်။ အကယ်၍ သာမန် SIM သို့မဟုတ် micro-SIM ကနေ nano-SIM ဖြတ်ထုတ်လို့ ရခဲ့ပါက SIM ကတ် အထူကို ပါးလွှာစေဖို့အတွက် ကော်ပတ်နဲ့ တိုက်စားရုံကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး။ သုံးစွဲသူတွေ အနေနဲ့ nano-SIM ကတ်တွေကို ၎င်းတို့ရဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကနေ ရရှိနိုင်ပေမယ့် nano-SIM ကတ်တွေကနေ micro-SIM နဲ့ သာမန် SIM ကတ်တို့ကို ပြောင်းလဲ အသုံးပြုလိုတဲ့အခါမှာတော့ adapter တွေကို အသုံးပြုဖို့ လိုအပ်ပါမယ်။ iPhone 5 ကို စတင်ရောင်းချတဲ့ အချိန်မှာတော့ ၎င်း adapter များကို ဈေးကွက်ထဲမှာ တွေ့မြင်ရဖို့ ရှိပါတယ်။

Micro-SIM တစ်ခုကို nano-SIM တစ်ခုအဖြစ် ပြောင်းလဲနိုင်သလား





 Apple ကုမ္ပဏီက အသစ်ထုတ်လုပ်ဖြန့်ချိမယ့် iPhone 5 မှာ 4FF လို့ လူသိများတဲ့ nano-SIM လို့ခေါ်တဲ့ SIM ကတ်သစ်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် iPhone 4 ကို စတင်မိတ်ဆက်စဉ်က အသုံးပြုခဲ့တဲ့ micro-SIM (3FF) ကနေ iPhone 5 ကို အသုံးပြုလိုသူများ အနေဲ့ nano-SIM ကို အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ iPhone 4 နဲ့ 4S မှာ အသုံးပြုတဲ့ micro-SIM ရဲ့ အရွယ်အစားဟာ 15x12x0.76 mm ဖြစ်ပါတယ်။ သာမန် mini-SIM (2FF) ကနေ micro-SIM ကို ဖြတ်ရာမှာ အခက်အခဲရှိပေမယ့် micro-SIM ကနေ nano-SIM ကို ပြောင်းလဲလိုတဲ့ အခါမှာတော့ အခက်တွေ့နိုင်ပါတယ်။ Nano-SIM ရဲ့ အထူဟာ ၀.၆၇ မီလီမီတာသာ ရှိပါတယ်။ Micro-SIM ထက် ၀.၀၉ မီလီမီတာ ပိုပြီး ပါးပါတယ်။ ဒါပေမဲ့ ETSI စံသတ်မှတ်မှု အဖွဲ့အစည်းက Nano-SIM ရဲ့ အထူကို ၀.၀၃ မီလီမီတာ ထပ်ပေါင်းခွင့် ပေးထားတဲ့အတွက် Nano-SIM ရဲ့ အထူဟာ ၀.၀၇ မီလီမီတာရှိပြီး micro-SIM ထက် ၀.၀၆ မီလီမီတာ ပိုပါးပါတယ်။ ဒါပေမဲ့ စင်ကာပူ အော်ပရေတာ Star Hub ရဲ့ nano-SIM အထူကို micrometer screw gauge နဲ့ တိုင်းတာကြည့်တဲ့ အခါမှာအထူဟာ ၀.၆၈ မီလီမီတာသာ ရှိပြီး micro-SIM ရဲ့ အထူကတော့ ၀.၈၂ မီလီမီတာ ရှိတယ်လို့ CNET အယ်ဒီတာ John Chan က ဆိုပါတယ်။

iPhone 5 မှာ ပါဝင်တဲ့ nano-SIM tray ဟာ ETSI က သတ်မှတ်တဲ့ ၀.၇၀ မီလီမီတာ အထူရှိတဲ့ nano-SIM ထည့်သွင်းနိုင်တဲ့ SIM tray ဖြစ်ပါတယ်။ ဒါကြောင့် ၀.၈၂ မီလီမီတာရှိတဲ့ micro-SIM ကနေ ကော်ပတ်နဲ့ ၀.၁၂ မီလီမီတာ တိုက်စားပစ်ရပါမယ်။ Micro-SIM ကို ပလာယာနဲ့ ကိုင်ပြီး ကြေးပြားမရှိတဲ့ဘက်ကို 240  grit  ကော်ပတ်နဲ့ မိနစ်အနည်းငယ် ကိုက်စားပြီးတဲ့ အခါမှာ ၀.၇၀ မီလီမီတာကို ရရှိပါမယ်။ ကော်ပတ်စားတဲ့ အချိန်မှာ ဆိုးရွားတဲ့ အနံ့နဲ့ အမှုန်တွေ နှာခေါင်းထဲ ဝင်နိုင်တာကြောင့် face mask ကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ကော်ပတ်စားလိုက်တဲ့ အခါမှာ SIM card က identify number တွေ ပျက်သွားမှာ ဖြစ်တဲ့အတွက် အဲဒီနံပါတ်တွေကို မှတ်သားထားဖို့ လိုပါတယ်။ ၀.၇၀ မီလီမီတာအထိ ကော်ပတ်စားပြီးတဲ့ အခါမှာ SIM ကို ထိခိုက်မှု မရှိစေဘဲ အသုံးပြုနိုင်ပြီး ၎င်း SIM  ကို HTC One X ထဲကို ထည့်ပြီး အသုံးပြုတဲ့ အခါမှာလည်း ပြဿနာမရှိဘူးလို့ Chan က ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိဆောင်းပါးကို ရေးသားဖော်ပြချိန်မှာ iPhone 5 မထွက်သေးတာကြောင့် SIM ရဲ့ အလျားနဲ့ အနံကို ဖြတ်တောက်ပြီး စမ်းသပ်ပြုလုပ်နိုင်ခြင်း မရှိသေးဘူးလို့ CNET အယ်ဒီတာ John Chan က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် micro-SIM ကို nano-SIM သို့ ပြောင်းလဲမပြုလုပ်ခင် iPhone 5 ရဲ့ nano-SIM tray မှာ micro-SIM ကို ထည့်သွင်းနိုင်ခြင်း ရှိ/မရှိ အသေအချာ စစ်ဆေးပြီးမှသာ ကော်ပတ်စားတဲ့ လုပ်ငန်းစဉ်ကို  ပြုလုပ်သင့်ကြောင်း John Chan က အကြံပြု ဖော်ပြထားပါတယ်။