Wednesday, September 26, 2012
Photoshop CS7 တွင် XP အတွက် ထောက်ပံ့မှုကို Adobe ဖြုတ်ချ
စာရင်းအင်း ကောက်ယူသည့် သုတေသနကုမ္ပဏီတစ်ခု ဖြစ်သည့် Net Applications က Windows OS နှင့် ပတ်သက်သည့် ဈေးကွက်ဝေစုကို ပြီးခဲ့သည့် သြဂုတ်လတွင် ရယူခဲ့ရာ၌ Windows 7 က Windows XP ထက် သာလွန်နေသည့် အချက်ကို ထုတ်ဖော် တင်ပြသွားခဲ့သည်။ ထို့အတွက်ကြောင့် သက်တမ်း ၁၁ နှစ် ရှိပြီဖြစ်သော အဆိုပါ Window XP ကို ဆက်လက် အသုံးပြုနေပါက လာမည့်အနာဂတ်တွင် ထွက်ပေါ်လာမည့် Adobe Photoshop CS7 ကို အသုံးပြုခွင့် ရမည်မဟုတ်ဟု အဆိုပါ သုတေသနကုမ္ပဏီက ပြောဆိုသွားခဲ့သည်။ Adobe ကုမ္ပဏီ၏ ထုတ်ကုန်မန်နေဂျာဖြစ်သူ Tom Hogarty က Photoshop CS6 မှာ Windows XP အတွက် ထောက်ပံ့ပေးနိုင်သည့် နောက်ဆုံး version ဖြစ်ပြီး လာမည့် Photoshop CS7 ကို အသုံးပြုချင်ပါက Windows 7 နှင့်အထက် လိုအပ်လိမ့်မည်ဟု ကြေညာသွားခဲ့သည်။ သို့ရာတွင် လာမည့် CS7 version ကို XP တွင် အသုံးပြုခြင်းကို ကန့်သတ်မှုပြုခြင်း၊ သို့မဟုတ် လုံးဝ ထောက်ပံ့မှု မရှိတော့ခြင်း ဆိုသည့်အချက်ကိုမူ Adobe က ရှင်းလင်းစွာ ပြောဆိုခဲ့ခြင်းမရှိပေ။ Adobe မှာ လက်ရှိတွင် Windows Vista တွင် CS6 အသုံးပြုခြင်းကို ထောက်ပံ့ပေးခြင်း မရှိတော့သော်လည်း users များကို ထည့်သွင်း အသုံးမပြုရန် ကန့်သတ်မှုများ ထားရှိခြင်းမရှိပေ။ သို့ရာတွင် သုံးစွဲသူအရေအတွက် ပိုမို များပြားနေသေးသည့် Windows XP ပေါ်တွင် CS6 အသုံးပြုခြင်းကိုမူ ဆက်လက် ထောက်ပံ့ထားဆဲ ဖြစ်သည်။ Adobe Photoshop team က အကြံပြုထားရာတွင် user များအနေဖြင့် အနာဂတ် Photoshop တီထွင်ဆန်းသစ်မှုကို ရယူလိုလျှင် Windows 7 နှင့် အထက် သုံးရန်လိုမည်ဟု ဆိုထားသည်။
Labels:
နည်းပညာသတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment