ခုတစ်လော ကျွန်တော့်ကို ဖမ်းစားနိုင်လွန်းတာကတော့ ရောင်စုံထီးလှလှလေးတွေပါ။ ဒါကြောင့် ကျွန်တော်ဟာ ထီးလှလှလေးတွေ ရောင်းတဲ့ဆိုင်ရှေ့မှာ အတော်ကြာ အောင်ရပ်နေမိတယ်။ ဆိုင်ထဲကို မဝင်ဘဲ ဆိုင်ပြင်ကနေ ဆိုင်ထဲချိတ်ထားတဲ့ ထီးလှလှလေးတွေကို ငေးမောနေမိရဲ့။ ထီးကလေးတွေ အရောင်အသွေးစုံ၊ ဒီဇိုင်းအကွက်စုံ အသွင်ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ လှပနေတဲ့ မြင်ကွင်းဟာ ကျွန်တော့်ရှေ့မှာ လွှမ်းခြုံထားပါတယ်။ ဆိုင်ရဲ့ အခင်းအကျင်းကလည်း သေသေသပ်သပ်နဲ့ အဲဒီ့ ထီးလှလှလေးတွေကို ဝယ်သူစွဲမက်သွားအောင် တန်းလေးတွေမှာ ချိတ်တန်ချိတ်၊ ပုံးထဲမှာ ထောင်လိုထောင်၊ ရှိုးကေ့စ်ထဲမှာ စီစီရီရီနဲ့ သိပ်လှတဲ့ ထီးမျိုးဆို တစ်လက်နှစ်လက် ဖွင့်ပြထားတာ ထီးဝယ်မယ့်သူ မပြောနဲ့ ဖြတ်သွားဖြတ်လာတွေတောင် အနည်းဆုံး တစ်ချက်တော့ငဲ့ကြည့် သွားရမြဲပါ။
အဆာဟိ၊ မစ်ကို ဂျပန်ထီးတွေသာမက တရုတ်ကဝင်တဲ့ ထီး၊ ယိုးဒယားထီး၊ အိန္ဒိယထီး အတော့်ကို စုံလင်တဲ့ဆိုင်လေးပါ။ တချို့ထီးကလေးတွေဆို အနားစမှာ ဖဲလှိုင်းတွန့်ကလေးတွေနဲ့ ကွပ်ထားတတ်တာ၊ ဝါ၊ စိမ်း၊ နီ၊ ပြာ၊ ခရမ်းစတဲ့ ရောင်စုံထီးလေးတွေမှာ ပန်းပွင့်ကလေးတွေ စီခြယ်ထားတာ၊ အကွက်လေးတွေ၊ အတုံးလေးတွေ ပုံဖော်ထားတာ၊ တွဲဖက်ညီတဲ့ အရောင်ချင်း ရောစပ်ထားတာဟာ ဝယ်လိုသူကို မျက်စပစ်နေသလိုပါပဲ။ အဲဒီလို မျက်စပစ် ခံရတဲ့အထဲမှာ ကျွန်တော်လည်း အပါအဝင်ဖြစ်ခဲ့တယ်။ ဟုတ်ပါတယ်။ ကျွန်တော့်မှာ ထီးမရှိခဲ့ပါဘူး။ မိုးတွေရွာလာတဲ့အချိန်မှာ ထီးတစ်လက်ဝယ်ဖို့ အရေးကြီးလာပါတယ်။ ဒါပေမဲ့ ကျွန်တော် ဝယ်ဖို့ ရည်စူးထားတဲ့ထီးဟာ ကျွန်တော့်အတွက်လည်း မဟုတ်ပြန်ပါဘူး။ နည်းနည်းတော့ ရှုပ်သွားပြီ ထင်တယ်။ ကျွန်တော် ရှင်းပြပါ့မယ်။
အလုပ်သွား အလုပ်ပြန် အမြဲလိုလို တွေ့ရလေ့ရှိတဲ့ သူမဟာ ထီးအဟောင်းလေး တစ်လက်ကို ဆောင်းနေတတ်တာ သတိပြုမိရဲ့..။ မူလက အရောင်ရင့်ရင့် ထီးတစ်လက်ဖြစ်ပေမယ့် ကာလ အတန်ကြာတဲ့အခါ ရာသီဥတုဒဏ်ကြောင့် ဖြူဖပ်ဖြူရော် လိုက်စပြုနေပါပြီ။ သူမကို သတိထားဖြစ်တာကလည်း ထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ လမ်းဆုံလမ်းခွ အဓိကကျတဲ့နေရာမှာ ဖြတ်သွား ဖြတ်လာအဖြစ် မကြာခဏ တွေ့တတ်လို့ပါပဲ။ အဲဒီလမ်းဆုံက နေရာတစ်ခုခု၊ ဆိုင်တစ်ဆိုင်ဆိုင်၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုခုမှာ လုပ်သလားပဲ။ အသေအချာလည်း ကျွန်တော် မသိဘူး။ သိအောင်လည်း မကြိုးစားခဲ့ပါဘူး။ ဒီလိုပဲ မြင်တွေ့နေရတာပဲ။ သေချာတာ တစ်ခုကတော့ သူမဟာ ကျွန်တော့်ကို ဆွဲဆောင်စေခဲ့တယ်။
ဒါဆိုသူမဟာ လှလွန်းလို့လား။ ဒီလိုလည်း မဟုတ်ပြန်ပါဘူး။ ဆွဲဆောင်မှု ရှိတယ်ဆိုတာ သိကြတယ် မဟုတ်လား၊ ခင်ဗျားတို့လည်း တစ်နည်းတစ်ဖုံ ကြုံဖူးကြမှာပါ။ ရိုးရိုးရှင်းရှင်း အပြင်အဆင်နဲ့ ဆံပင်ဂုတ်ဝဲနဲ့ ခေတ်နဲ့အညီ တစ်ခါတစ်ခါ ဘောင်းဘီရှည် ဝတ်ဆင်တတ်တဲ့ သူမမှာ ကျွန်တော့်ကို ဆွဲဆောင်စေခဲ့တာကတော့ မျက်ဝန်းနက်နက်လေးနဲ့ အမြဲလိုလို တင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းလေးတွေပါ။ တစ်ခါတလေ မိန်းကလေးအဖော် တစ်ယောက်ယောက်နဲ့ ယှဉ်တွဲလျှောက်လာရင်း သဘောကျစရာ တစ်ခုခုတွေ့လို့ ရယ်မောလိုက်တဲ့အခါ ဝင်းလက်သွားတဲ့ သွားဖြူဖြူလေးတွေ၊ ချိုင့်ခွက်သွားတဲ့ ပါးချိုင့်လေးတွေကို မကြာခဏ ကျွန်တော် ငေးမော ကြည့်နေတတ်တယ်။ ကျွန်တော့်ကိုလည်း သတိထားမိပုံမရပါဘူး။ သတိထားမိအောင်လည်း မနေထိုင်ခဲ့ပါဘူး။ ဘာမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းတစ်ခုကို တင်ဆက်ဖို့ရာလည်း မကြိုးစားခဲ့ပါဘူး။
ကျွန်တော့်မှာ ပြောမထွက်နိုင်တဲ့ အခြေအနေ တချို့ရှိခဲ့တယ်။ မိန်း ကလေးတစ်ယောက်ကို ဘယ်လို ချဉ်းကပ်ရမယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပေမယ့် သူမကို ချဉ်းကပ်ဖို့ရာ မဖြစ်နိုင်တဲ့ အကြောင်းအချက် တချို့ရှိခဲ့တယ်။ ဒါကြောင့် ဖြတ်သွားဖြတ်လာ မကြာခဏ မြင်တွေ့ရခြင်းနဲ့ပဲ အချိန်ကို ကုန်ဆုံးစေခဲ့တယ်။ ဒီမှာတင် ထီးတစ်လက်လိုချင်တဲ့ ဆန္ဒ အစပြုခဲ့တာပါ။ ကိုယ်ပိုင်ထီးတစ်လက်တောင် မည်မည်ရရ မရှိခဲ့တဲ့ ကျွန်တော်ဟာ အမြဲလိုလို ထီးအဟောင်းလေးဆောင်းနေတဲ့ သူမကို ထီးကောင်းလေး တစ်လက်၊ ထီးလှလှလေး တစ်လက် လက်ဆောင်ပေးချင်တဲ့ ဆန္ဒဖြစ်ပေါ်လာပါတယ်။ ကျွန်တော့်ရဲ့ဆန္ဒဟာ အတော်လေးကို အူကြောင်ကြောင်နိုင်တယ်လို့ပဲ ပြောပြော အလိုလိုဖြစ်တည်လာတဲ့ ခံစားမှုအတွေးဖြစ်ခဲ့လို့ ဖျောက်ပစ်ဖို့ရာလည်း မကြိုးစားခဲ့ပါဘူး။ ဒီအချိန်ကစပြီး ရောင်စုံထီးလေးတွေ ရောင်းတဲ့ဆိုင် ရှေ့ရောက်လေတိုင်း မကြာခဏ ငေးနေမိတာ၊ လူတချို့ ထီးလှလှလေးဆောင်းလာရင် ငေးကြည့်နေတတ်တာမျိုး ဖြစ်လာပါတယ်။ တကယ်တော့ ကာလတစ်ခုမှာ ဖြစ်တည်လာတဲ့ သံယောဇဉ်အရ ဘာမှ မဖြည့်စွမ်းနိုင်တဲ့ ဘဝမှာ တစ်ခုခု လုပ်ပေးချင်တဲ့ ဆန္ဒမျိုးပါ။ တခြား ဘာမှ မပါပါဘူး။
ငွေကြေး အနည်းငယ်ရှိတဲ့ တစ်နေ့မှာ ထီးဆိုင်ထဲ ကျွန်တော် ဝင်ခဲ့တယ်။ ဟိုထီး ဒီထီး လျှောက်ကြည့်ရင်း စိတ်ကူးနဲ့ ကိုက်ညီတဲ့ ထီးတစ်လက် ရှာဖွေနေမိတယ်။ လက်ကိုင်ရိုးရှည်ထီးကလေးတွေ၊ ခလုတ်ခေါက်ထီးတွေကအစ ဂျပန်ဖဲထီးအဆုံး စိတ်ကြိုက်တွေ့ရနိုးနိုးနဲ့ ထီးတွေ တစ်လက်ပြီးတစ်လက် လျှောက်ကြည့်မိတယ်။ တစ်လက်စတည်း ဈေးနှုန်းတွေကိုလည်း မှတ်သားရပါသေးတယ်။ လက်ကိုင်ရိုးရှည် တရုတ်ထီးတစ်လင် နှစ်ထောင်ငါးရာ၊ သုံးထောင်၊ တရုတ်ခေါက်ထီး တစ်လက် သုံးထောင်၊ သုံးထောင်ငါးရာ၊ ဂျပန်ဖဲထီးတစ်လက် ငါးထောင် ခြောက်ထောင်...၊ ထီး အတော်များများ လိုက်ကြည့်မိပေမယ့် ဆိုင်က ထွက်တော့ တစ်လက်မှ မဝယ်ဖြစ်ပါဘူး။ အရောင်းစာရေး ကောင်မလေးတွေကလည်း တီးတိုးတီးတိုး၊ ကွက်ကြည့် ကွက်ကြည့်နဲ့ ကျွန်တော့်စိတ်ထဲ တကယ် ကွန်းခိုနေတဲ့ ထီးတစ်လက်ကိုတော့ မတွေ့ခဲ့ပါဘူး။
ဒီလိုနဲ့ တစ်ပတ်လောက် ကြာသွားတယ်။ ရံဖန်ရံခါ တွေ့နေရတဲ့ သူမဟာလည်း ထီးအဟောင်းလေး ဆောင်းသွားမြဲ၊ ဖြတ်သွားဖြတ်လာ တွေ့မြဲပဲ။ လှပအပြုံးတွေ ဖူးပွင့်မြဲပဲပေါ့...။ တစ်နေ့ ကျွန်တော် အလုပ် လုပ်နေတဲ့လုပ်ငန်းက အစ်မလိုရင်းနှီးသူ တစ်ဦးနဲ့ အလုပ်ထဲ စကားစမြည် ပြောဆိုကြတုန်း ခြင်းတောင်းထဲမှာ ထည့်ထားတဲ့ ထီးတစ်လက် မြင်လိုက်ရတယ်။ ခွင့်တောင်းပြီး ထီးကိုယူကြည့်တော့ သိလိုက်ပါပြီ။ ကျွန်တော်လိုချင်တဲ့ ထီးဟာ ဒီထီးမျိုးပါပဲ။ မေးကြည့်တော့ ဂျပန်နိုင်ငံရောက်နေတဲ့ သူငယ်ချင်းမတစ်ယောက်က လူကြုံနဲ့ ပေးပို့လိုက်တဲ့ ဂျပန်ထီးအစစ်ပါတဲ့။ ဟုတ်မှာပါ ထီးကလေးကို လက်ထဲကိုင်ဆကြည့်တဲ့အခါ အံ့သြလောက်အောင် ပေါ့ပါးနေပါတယ်။ ဖွင့်ကြည့်တော့လည်း ထီးအရွက်က အကောင်းစား၊ ထီးကိုင်းတွေ ကြည့်ပြန်တော့လည်း အလူမီနီယမ်လို သတ္တုစပ်နဲ့ လုပ်ထားတဲ့ပုံမျိုး၊ ပေါ့ပေါ့ပါးပါးနဲ့ အတော့်ကို ခိုင်မာတဲ့ထီးလေးပါ။ ထီးလက်ကိုင်ကလည်း စုစုလုံးလုံးလေး၊ ထီးအနားစမှာပါတဲ့ တံဆိပ်ကြည့်လိုက်တော့ ကျွန်တော် မဖတ်တတ်တဲ့ ဂျပန်စာလုံးလေးတွေနဲ့၊ အဲဒီအစ်မကို ခန့်မှန်းခြေ ဈေးမေးကြည့်တော့ မြန်မာငွေနဲ့ဆို တစ်သောင်းကျော်လောက် ရှိမယ်တဲ့။ ပေးရမှာပါ၊ ဂျပန်ထီးအစစ်ဆို ဒီလောက်တော့ရှိမှာပါ။
ထီးဆိုင်ကို ပြန်သွားခဲ့တယ်။ ဆိုင်ထဲ ခပ်တည်တည်ဝင်သွားပြီး ဂျပန်ထီးအစစ်ရှိ၊ မရှိမေးတယ်။ ထီးပေါင်းစုံကိုင်ကြည့်ပြီး မဝယ်ဘဲ ထွက်သွားတဲ့ ကျွန်တော့်ကို မှတ်မိပုံရတဲ့ အရောင်းစာရေးမလေးက အံ့သြသလို မသင်္ကာသလို ကြည့်တယ်။ နောက်တစ်ခါ ထပ်မေးမှ ရှိုးကေ့စ်အောက်ဆုံးထပ်မှာ ထည့်ထားတဲ့ ထီးအချို့ကို ထုတ်ပြတယ်။ အဲဒီ့ထဲက စိတ်ကြိုက်တစ်လက်ကို ကျွန်တော် ဖွင့်ကြည့်လိုက်တယ်။ ဘာမှတော့ အထွေအထူး ကြည့်စရာမလိုပါဘူး။ ထီးရဲ့ပေါ့ပါးမှုက အစစ်မှန်း ကျွန်တော့်ကို သိစေတယ်။ ကျွန်တော့် တစ်လလုံးလစာရဲ့ သုံးပုံတစ်ပုံလောက် ပမာဏရှိတဲ့ငွေကို ပေးချေရင်း ထီးကိုယူပြီး ပြန်ထွက်ခဲ့တယ်။
နောက်တစ်နေ့.. အဲဒီ့နေ့ ကတော့ မိုးမရွာပါဘူး။ ရှုပ်ယှက်ခတ်နေတဲ့ ကားဂိတ်လူတွေကြားထဲ လိုင်းကားစီးဖို့ရာ စောင့်ဆိုင်းနေတဲ့ သူမကိုတွေ့ရတယ်။ ရင်ခုန်သံတွေ မြန်လာတယ်။ မသိမသာ သူမအနား တိုးကပ်သွားတော့ ဖျတ်ခနဲလှမ်းကြည့်လိုက်တဲ့ မျက်ဝန်းအစုံမှာ အံ့သြမှုနဲ့အတူ ဇဝေဇဝါဖြစ်နေတာကို မြင်ရတယ်။ “ဒီမှာ..ထီး..ထီး” အစီအစဉ်မကျစွာ ကျွန်တော့်နှုတ်ဖျားက စကားတချို့ ထွက်ကျသွားတဲ့အခါ ထိတ်လန့်သွားဟန်နဲ့ ခြေတစ်လှမ်း အဆုတ် ထီးကို သူမလက်ထဲ အတင်းထိုးထည့်ပြီး ထွက်စပြုနေ တဲ့ လိုင်းကားတစ်စီးပေါ် ခုန်တက်လိုက်တယ်။ အယောင်အယောင် အမှားမှားနဲ့ ကျွန်တော်ပေးလိုက်တဲ့ ထီးကို လက်ထဲကိုင်ထားရင်း မှတ်တိုင်မှာ သူမ ကျန်နေရစ်ပေါ့။ ကျေကျေနပ်နပ်ကြီး ကျွန်တော် ပြုံးလိုက်မိပါတယ်။
ကျွန်တော်ထင်ပါတယ်။ လူအတော်များများဟာ လူတစ်ဦး၊ အရာဝတ္ထုပစ္စည်းတစ်ခု ရှိနေစဉ်အတွင်း အကျိုးပြုပုံ အသုံးတည့်ပုံကိုသာ စဉ်းစားတွက်ချက်ကြမြဲပါ။ ဒါပေမဲ့ အဲဒီလူတစ်ဦး၊ အရာဝတ္ထုပစ္စည်းတစ်ခု မရှိတော့တဲ့ အခါကျမှ သူရဲ့ အကျိုးပြုပုံ၊ အသုံးတည့်ပုံကို စဉ်းစားလေ့ မရှိပါဘူး။ ဆိုရရင် ဘတ်စ်ကားပေါ်မှာ ထိုင်ရာက ထလိုက်တဲ့အခါ၊ ကျောင်းသားတစ်ဦး အတန်းသစ် တက်မယ့်အခါ၊ ရာထူးနေရာ တစ်နေရာက ဖယ်ရှားပေးလိုက်တဲ့အခါ၊ လူပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွားတဲ့အခါ ကျန်ရစ်တဲ့လူတွေကို တစ်နည်းတစ်ဖုံ အကျိုးပြုခြင်းမျိုးပါ။
ဘတ်စ်ကားပေါ် ထပေးလိုက်ရင် အခြားတစ်ယောက် ထိုင်ခုံရသွားတာ၊ အတန်းသစ်တက်သွားတဲ့ ကျောင်းသားရဲ့ ဖတ်စာအုပ်ဟောင်း၊ ကျောင်းသုံးစာအုပ် အဟောင်းကအစ ကျောင်းဝတ်စုံအချို့ကို ဆက်လက် သုံးစွဲခွင့်ရတာ၊ ရာထူးဌာန တစ်နေရာက ဖယ်ရှားပေးလိုက်ရင် အခြားတစ်ယောက် ရာထူးရစေတာ၊ လူပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွားတဲ့အခါ အိပ်ရာ၊ ခုတင်ကအစ အဝတ်အစား အသုံးအဆောင်တွေကို လှူဒါန်းခြင်းဖြင့် တခြားသူတွေ သုံးစွဲခွင့်ရတာတွေဟာ မရှိတဲ့အခါမှ အကျိုးပြုခြင်းပဲ မဟုတ်လား။ ကိုယ့်မှာမရှိတော့တဲ့ အခါကျမှ စွန့်လွှတ်လိုက်တဲ့ အခါကျမှ အခြားတစ်ယောက်မှာ အကျိုးဖြစ်ထွန်းတာ၊ အခြားတစ်ယောက်မှာ ပြည့်စုံသွားတာ ကြုံဖူးပါရဲ့လား။ လူအတော်များများဟာ ပကတိ အရှိတရားတွေကသာလျှင် အကျိုးပြုတယ် ထင်တတ်ကြပါတယ်။ တကယ်တော့ အဲဒီ့နေ့က သူမကိုပေးခဲ့တာ ထီးသက်သက် မဟုတ်ပါဘူး။ ကျွတ်တော့်ရဲ့ မေတ္တာနဲ့ စာနာမှုတရား၊ လုံခြုံမှု တချို့နဲ့ လက်လွှတ် ဆုံးရှုံးမှုတွေပဲပေါ့။
နောက်တစ်ပတ်အကြာ မိုးတွေ စွေနေတဲ့တစ်နေ့ သူငယ်ချင်းတစ်ယောက်နဲ့ လမ်းဖြတ်ကူး နေတဲ့သူမကို ရုတ်တရက် မြင်လိုက်ရတယ်။ ကျွန်တော့်ရင်ထဲ လှိုက်ခနဲ...။ မိုးဖွဲဖွဲအောက်မှာ သူမဟာ ကျွန်တော်ပေးခဲ့တဲ့ ထီးကလေးကို ဆောင်းလို့ပေါ့။ တိုက်တိုက်ဆိုင်ဆိုင် လေပြင်းတစ်ချက် မွှေ့လိုက်တဲ့အခါ ထီးကို လက်နှစ်ဖက်နဲ့ တင်းတင်းဆုပ်ကိုင်ထားတာလည်း မြင်ရတယ်။ အဲဒီ့နေ့က ခါတိုင်းလိုပါပဲ ကျွန်တော့်မှာ ထီးမရှိခဲ့ပါဘူး။ မိုးရေထဲ ကျွန်တော် ငေးနေမိတယ်။
ချမ်းငြိမ်း

7 Day News
0 comments:
Post a Comment