Pages

Tuesday, June 26, 2012

သာယာဖြောင့်ဖြူးသော ချစ်ခရီးလမ်းကို ပိုင်ဆိုင်နိုင်စေမည့် နည်းလမ်း ခုနှစ်သွယ်




လူတိုင်းလိုလိုဟာ အချစ်ရေး အဆင်ပြေဖို့နဲ့ အိမ်ထောင်ရေးကို အောင်မြင်မှုရှိအောင် တည်ဆောက်နိုင်ဖို့ စိတ်ကူးယဉ်တတ် ကြပါတယ်။  ဒါပေမဲ့ တကယ်တမ်း ချစ်ခရီးလမ်း သာယာဖြောင့်ဖြူးဖို့နဲ့ အိမ်ထောင်ရေး အောင်မြင်ပြီးပြည့်စုံဖို့က မလွယ်ကူပါဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ သင့်ချစ်သူ၊ သင့်ဘဝအဖော်နဲ့အတူ အဆင်ပြေသာယာတဲ့ ချစ်ခရီးလမ်းကို အတူယှဉ်တွဲလျှောက်နိုင်ဖို့ ရိုးစင်းလွယ်ကူတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။

1. သင့်လိုအပ်ချက်နဲ့ ပြောချင်တာကို ရှင်းရှင်းလင်းလင်းသိအောင် ပြောပါ

ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ထိရောက်တဲ့ ဆက်သွယ်မှုက မရှိမဖြစ် လိုအပ်ပါတယ်။ သင့်လိုအပ်ချက်ကို သင့်ချစ်သူ၊ သင့်ဘဝအဖော်က အလိုလို သိနေနိုင်တာ မဟုတ်ပါဘူး။ သင်က သင့်လိုအပ်ချက်ကို မပြောပြဘဲ သင့်ကို နားမလည်ဘူးဆိုပြီး သင့်ချစ်သူအပေါ် ဒေါသထွက်တာနဲ့ စိတ်ပျက်လက်ပျက်ဖြစ်တာတွေ မဖြစ်သင့်ပါဘူး။ ဒီလိုဖြစ်လာရင် သင့်ချစ်သူလည်း စိတ်ညစ်ရတတ်ပါတယ်။

2. သင့်ချစ်သူ၊ ဘဝအဖော်ပြောတာကို ပြန်နားထောင်ပေးပါ

သင့်လိုအပ်ချက်ကိုချည်း ပြောနေတာမျိုး မဟုတ်ဘဲ သင့်ချစ်သူ၊ သင့်ဘဝအဖော်ကလည်း လူသားပဲ ဆိုတာကို မမေ့ပါနဲ့။ သူ့မှာလည်း ကိစ္စတိုင်းနဲ့ ပတ်သက်ပြီး စောဒကတက်ချင်စရာ အချက်တွေ၊ သဘောမကျတာတွေ၊ သူလိုချင်တဲ့ အနေအထားတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါကြောင့် သူပြောတဲ့ စကားကို နားထောင်ပြီး သူ့ဘက်ကလည်း စာနာစိတ်နဲ့ ပြန်လည်တွေးတောဖို့ သတိရပါ။  
3. အိမ်ထောင်သည်များ ချစ်ခင်စွာ နေထိုင်ပါ

ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ အိမ်ထောင်ရှင်တွေ အနေနဲ့ တစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှု ရှိသင့်ပါတယ်။ ဒီလိုအခါမှာ အိမ်ထောင်သည်တွေ အနေနဲ့ ရိုးသားပွင့်လင်းမှုရှိဖို့ လိုအပ်ပါတယ်။
4. အိမ်ထောင်ရေးအကြောင်း သင့်ဘဝအဖော်၏ သဘောထားကို သိနားလည်အောင် ကြိုးစားပါ

သင်တို့နှစ်ဦးကြားမှာ အိမ်ထောင်ရေး၊ ပေါင်းသင်းဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး ယုံကြည်ချက်တွေ ကွဲလွဲနေတာမျိုး ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ လူဆိုတာက တစ်ဦးနဲ့တစ်ဦး မတူဘူး မဟုတ်လား။ ဒါပေမဲ့ သင်နဲ့ သင့်ဘဝအဖော်ဟာ အိမ်ထောင်ရေးနဲ့ အချစ်ရေးအပေါ် ထားရှိတဲ့ အဓိက တန်ဖိုးချင်း တူညီမှုရှိဖို့တော့ လိုအပ်ပါတယ်။ ဆိုလိုတာက တစ်လင်တစ်မယားစနစ် ကျင့်သုံးလိုတဲ့ ပုံစံချင်း၊ ရိုးမြေကျ ပေါင်းသင်းလိုစိတ် ရှိပုံချင်း တူညီနေမှ အောင်မြင်တဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်နိုင်မှာပါ။

5. ပြဿနာကို ဖြေရှင်းပါ

သင်တို့နှစ်ဦးကြား ဖြစ်ပေါ်လာတဲ့ ပြဿနာတိုင်းကို ဖြေရှင်းပါ။ အမြင်မတူညီတာကို ညှိနှိုင်းဖို့ မစိုးရိမ်ပါနဲ့။ ငြင်းခုံတယ်ဆိုတာ အချစ်ရေးနဲ့ အိမ်ထောင်ရေးရဲ့ ပုံမှန် အစိတ်အပိုင်းတစ်ရပ် ဖြစ်တယ်ဆိုတာကို လက်ခံထားဖို့ အရေးကြီးပါတယ်။ သင့်ဘဝအဖော်ရဲ့ အယူအဆတွေက သင့်အတွက် အနုတ်သဘောကို ဆောင်နေတယ်ဆိုရင်တောင် လေးလေးစားစား ငြင်းခုံတတ်ဖို့ လိုအပ်နေပါတယ်။

6. အသင်းအဖွဲ့ တစ်ခုလို မြင်ပါ

သင်နဲ့ သင့်ချစ်သူ၊ ဘဝအဖော်ဟာ ဘောလုံးအသင်း နှစ်သင်းလို တစ်ဖက်နဲ့တစ်ဖက် ယှဉ်ပြိုင်အနိုင်ယူနေတဲ့ ပုံစံမျိုး မဖြစ်သင့်ပါဘူး။ တစ်သင်းထဲမှာ အတူတူ စုစည်းကစားကြတဲ့ ကစားသမားတွေလို့ ခံယူပြီး အောင်မြင်မှုပန်းတိုင်ဆီကို ချီတက်နေကြတယ်လို့ မြင်ယောင်ကြည့်ပါ။ တစ်ဦးအပေါ် တစ်ဦး အနိုင်ရဖို့ မစဉ်းစားဘဲ တစ်ဦးနဲ့ တစ်ဦး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ အောင်မြင်မှုကို အရယူမယ်ဆိုတဲ့ စိတ်မျိုး ထားပါ။

7. မှားရင် တောင်းပန်လိုက်ပါ

ဘယ်သူမဆို အမှားလုပ်ဖူးကြပါတယ်။ အမှားကို သိပြီး နောက်တစ်ကြိမ် ထပ်မလုပ်မိအောင် ကြိုးစားနိုင်ဖို့ပဲ အရေးကြီးပါတယ်။ တကယ်လို့ သင့်ချစ်သူ၊ ဘဝအဖော်အပေါ် အမှားတစ်ခုခု၊ သူမကြိုက်တာတစ်ခုခု လုပ်မိခဲ့ရင် နောက်တစ်ကြိမ် မလုပ်တော့ဘူးဆိုပြီး အမှားကို တောင်းပန်လိုက်ပါ။ ဒါက အောင်မြင်တဲ့ အချစ်ရေးကို ရရှိစေတဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။

ကေအမ်
Good Health

0 comments:

Post a Comment