Pages

Wednesday, September 26, 2012

iPhone 5 တွင် အသုံးပြုထားသည့် nano-SIM အကြောင်း သိထားသမျှ



ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆန်ဖရန်စစ္စကိုမြို့မှာ မိတ်ဆက်ပေးခဲ့တဲ့ Apple ရဲ့ iPhone 5  ဖုန်းသစ်မှာ အများမျှော်လင့်ထားသလိုပဲ အတည်ပြုချက်ရထားတဲ့ nano-SIM စံသတ်မှတ်ချက်ကို အသုံးပြုထားပါတယ်။ ၎င်း nano-SIM ဟာ ၁၉၉၀ ခုနှစ် အစောပိုင်းမှာ GSM မိုဘိုင်းဖုန်းတွေကို မိတ်ဆက်ပေးခဲ့စဉ်က အသုံးပြုခဲ့တဲ့ Subscriber Identity Module (SIM) ကတ်တွေရဲ့ စတုတ္တမြောက် မျိုးဆက်လည်း ဖြစ်ပါတယ်။ iPhone4, iPhone 4S နဲ့ iPad မှာ အသုံးပြုထားတဲ့ micro-SIM ထက် ပိုမိုသေးငယ်တာကြောင့် အခြားထုတ်ကုန်ထံသို့ ပြောင်းလဲအသုံးပြုတဲ့ အခါမှာလည်း အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် သုံးစွဲသူများအတွက် အခက်ကြုံနေရတဲ့ အဆိုပါ SIM ကတ်သစ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များကို ဖော်ပြလိုက်ပါတယ်။ ပထမဦးဆုံး အသုံးပြုခဲ့တဲ့ SIM ကတ်ဟာ credit card တစ်ခုအရွယ်နီးပါး ရှိပါတယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ခြင်း မရှိတာကြောင့် လူသိနည်းပါတယ်။ ၎င်းကို 1FF ကတ်လို့ ခေါ်ပါတယ်။ မိုဘိုင်းဖုန်းသမိုင်းမှာ အထင်ရှားဆုံးကတော့ SIM သို့မဟုတ် mini-SIM လို့ခေါ်တဲ့ 2FF ကတ်များ ဖြစ်ပါတယ်။ Apple iPhone 4 ထွက်ပေါ်လာချိန်မှာတော့ 3FF ကတ်လို့ ခေါ်တဲ့ micro-SIM အသုံးပြုမှုဟာ ပိုမိုကျော်ကြားလာပါတယ်။ အဆိုပါ micro-SIM Apple ကို ၂၀၁၀ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး အသုံးပြုသူများဟာ 25x15mm ရှိတဲ့ mini-SIM ကို ကတ်ကြေးနဲ့ ခွဲစိတ်ခန်းသုံးဓားဖြင့် ဖြတ်ကာ 15x12mm ရှိတဲ့ micro-SIM ကို အသုံးပြုခဲ့ကြပါတယ်။

4FF ကတ်လို့ခေါ်တဲ့ Nano-SIN သစ်ကိုတော့ Apple က iPhone 5 နဲ့အတူ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ Apple က ဒီဇိုင်းပြုလုပ်ထားတဲ့ nano-SIM ကို ဥရောပ ဆက်သွယ်ရေး စံသတ်မှတ်မှု အဖွဲ့အစည်း (ETSI) က ပြီးခဲ့တဲ့ ဇွန်လမှာ မိတ်ဆက်ပေးခဲ့တာပါ။ ၎င်း nano-SIM ဟာ လက်ရှိ micro-SIM ထက် ၄၀ ရာခိုင်နှုန်း သေးငယ်ပြီး အတိုင်းအတာကတော့ အကျယ် ၁၂.၃ မီလီမီတာ၊ အမြင့် ၈.၈ မီလီမီတာနဲ့ အထူ ၀.၆၇ မီလီမီတာ ဖြစ်ပါတယ်။ Nano-SIM ဟာ အရွယ်အစားကလွဲပြီး လက်ရှိ SIM ကတ်များနဲ့  ကွဲပြားခြားနားမှု မရှိသလို တူညီတဲ့ အရည်အသွေးကိုလည်း အထောက်အပံ့ပေးပါတယ်။ Nano-SIM ရဲ့ အရွယ်အစားဟာ သေးငယ်တဲ့အတွက် အားနည်းချက် ရှိပါတယ်။ သာမန် SIM ကတ်များကနေ ဖြတ်ထုတ်ပြီး ပြုလုပ်ထားတဲ့ micro-SIM ကတ်များနဲ့ မတူတဲ့ အချက်များကတော့ nano-SIM ကို ၎င်း နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှု မရှိခြင်းနဲ့ micro-SIM ထက် ၁၅ ရာခိုင်နှုန်း ပိုမိုပါးလွှာခြင်းတို့ ဖြစ်ပါတယ်။ အကယ်၍ သာမန် SIM သို့မဟုတ် micro-SIM ကနေ nano-SIM ဖြတ်ထုတ်လို့ ရခဲ့ပါက SIM ကတ် အထူကို ပါးလွှာစေဖို့အတွက် ကော်ပတ်နဲ့ တိုက်စားရုံကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး။ သုံးစွဲသူတွေ အနေနဲ့ nano-SIM ကတ်တွေကို ၎င်းတို့ရဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကနေ ရရှိနိုင်ပေမယ့် nano-SIM ကတ်တွေကနေ micro-SIM နဲ့ သာမန် SIM ကတ်တို့ကို ပြောင်းလဲ အသုံးပြုလိုတဲ့အခါမှာတော့ adapter တွေကို အသုံးပြုဖို့ လိုအပ်ပါမယ်။ iPhone 5 ကို စတင်ရောင်းချတဲ့ အချိန်မှာတော့ ၎င်း adapter များကို ဈေးကွက်ထဲမှာ တွေ့မြင်ရဖို့ ရှိပါတယ်။

Micro-SIM တစ်ခုကို nano-SIM တစ်ခုအဖြစ် ပြောင်းလဲနိုင်သလား





 Apple ကုမ္ပဏီက အသစ်ထုတ်လုပ်ဖြန့်ချိမယ့် iPhone 5 မှာ 4FF လို့ လူသိများတဲ့ nano-SIM လို့ခေါ်တဲ့ SIM ကတ်သစ်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် iPhone 4 ကို စတင်မိတ်ဆက်စဉ်က အသုံးပြုခဲ့တဲ့ micro-SIM (3FF) ကနေ iPhone 5 ကို အသုံးပြုလိုသူများ အနေဲ့ nano-SIM ကို အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ iPhone 4 နဲ့ 4S မှာ အသုံးပြုတဲ့ micro-SIM ရဲ့ အရွယ်အစားဟာ 15x12x0.76 mm ဖြစ်ပါတယ်။ သာမန် mini-SIM (2FF) ကနေ micro-SIM ကို ဖြတ်ရာမှာ အခက်အခဲရှိပေမယ့် micro-SIM ကနေ nano-SIM ကို ပြောင်းလဲလိုတဲ့ အခါမှာတော့ အခက်တွေ့နိုင်ပါတယ်။ Nano-SIM ရဲ့ အထူဟာ ၀.၆၇ မီလီမီတာသာ ရှိပါတယ်။ Micro-SIM ထက် ၀.၀၉ မီလီမီတာ ပိုပြီး ပါးပါတယ်။ ဒါပေမဲ့ ETSI စံသတ်မှတ်မှု အဖွဲ့အစည်းက Nano-SIM ရဲ့ အထူကို ၀.၀၃ မီလီမီတာ ထပ်ပေါင်းခွင့် ပေးထားတဲ့အတွက် Nano-SIM ရဲ့ အထူဟာ ၀.၀၇ မီလီမီတာရှိပြီး micro-SIM ထက် ၀.၀၆ မီလီမီတာ ပိုပါးပါတယ်။ ဒါပေမဲ့ စင်ကာပူ အော်ပရေတာ Star Hub ရဲ့ nano-SIM အထူကို micrometer screw gauge နဲ့ တိုင်းတာကြည့်တဲ့ အခါမှာအထူဟာ ၀.၆၈ မီလီမီတာသာ ရှိပြီး micro-SIM ရဲ့ အထူကတော့ ၀.၈၂ မီလီမီတာ ရှိတယ်လို့ CNET အယ်ဒီတာ John Chan က ဆိုပါတယ်။

iPhone 5 မှာ ပါဝင်တဲ့ nano-SIM tray ဟာ ETSI က သတ်မှတ်တဲ့ ၀.၇၀ မီလီမီတာ အထူရှိတဲ့ nano-SIM ထည့်သွင်းနိုင်တဲ့ SIM tray ဖြစ်ပါတယ်။ ဒါကြောင့် ၀.၈၂ မီလီမီတာရှိတဲ့ micro-SIM ကနေ ကော်ပတ်နဲ့ ၀.၁၂ မီလီမီတာ တိုက်စားပစ်ရပါမယ်။ Micro-SIM ကို ပလာယာနဲ့ ကိုင်ပြီး ကြေးပြားမရှိတဲ့ဘက်ကို 240  grit  ကော်ပတ်နဲ့ မိနစ်အနည်းငယ် ကိုက်စားပြီးတဲ့ အခါမှာ ၀.၇၀ မီလီမီတာကို ရရှိပါမယ်။ ကော်ပတ်စားတဲ့ အချိန်မှာ ဆိုးရွားတဲ့ အနံ့နဲ့ အမှုန်တွေ နှာခေါင်းထဲ ဝင်နိုင်တာကြောင့် face mask ကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ကော်ပတ်စားလိုက်တဲ့ အခါမှာ SIM card က identify number တွေ ပျက်သွားမှာ ဖြစ်တဲ့အတွက် အဲဒီနံပါတ်တွေကို မှတ်သားထားဖို့ လိုပါတယ်။ ၀.၇၀ မီလီမီတာအထိ ကော်ပတ်စားပြီးတဲ့ အခါမှာ SIM ကို ထိခိုက်မှု မရှိစေဘဲ အသုံးပြုနိုင်ပြီး ၎င်း SIM  ကို HTC One X ထဲကို ထည့်ပြီး အသုံးပြုတဲ့ အခါမှာလည်း ပြဿနာမရှိဘူးလို့ Chan က ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိဆောင်းပါးကို ရေးသားဖော်ပြချိန်မှာ iPhone 5 မထွက်သေးတာကြောင့် SIM ရဲ့ အလျားနဲ့ အနံကို ဖြတ်တောက်ပြီး စမ်းသပ်ပြုလုပ်နိုင်ခြင်း မရှိသေးဘူးလို့ CNET အယ်ဒီတာ John Chan က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် micro-SIM ကို nano-SIM သို့ ပြောင်းလဲမပြုလုပ်ခင် iPhone 5 ရဲ့ nano-SIM tray မှာ micro-SIM ကို ထည့်သွင်းနိုင်ခြင်း ရှိ/မရှိ အသေအချာ စစ်ဆေးပြီးမှသာ ကော်ပတ်စားတဲ့ လုပ်ငန်းစဉ်ကို  ပြုလုပ်သင့်ကြောင်း John Chan က အကြံပြု ဖော်ပြထားပါတယ်။

0 comments:

Post a Comment