Pages

Tuesday, June 26, 2012

ဘယ်သူ ဗွီအိုင်ပီလဲ






အထက (----) ကျောင်း၏ ပညာရည်ချွန် ဆုနှင်းသဘင်ပွဲ။ သားက ခုနှစ်တန်း၊ အတန်းချုပ် ပထမ၊ သမီးက ဒုတိယတန်း ဆုမရ။ သို့သော် သူမ၏ ဖျော်ဖြေရေး အစီအစဉ်က ပါနေသည်။  များပြားလှသော အလုပ်တာဝန်တွေကြားက သားနှင့်သမီး၏ အလိုဆန္ဒကိုဖြည့်ဖို့ ဖခင်ဖြစ်သည့် ကျွန်တော်ကိုယ်တိုင် သူတို့လက်ကို ဆွဲလျက်လာခဲ့မိသည်။ အခမ်းအနားစချိန် ကိုးနာရီတိတိ။ ပရိသတ်စုံပါပြီ။ သို့သော် အရေးကြီးပုဂ္ဂိုလ် (ဗွီအိုင်ပီ) မလာသေး။ ခေတ္တစောင့်ပေးရန် ကျောင်းအုပ်ကြီးက မေတ္တာရပ်ခံသည်။ ဆယ်မိနစ်ခန့်ကြာတော့ မြို့နယ် အုပ်ချုပ်ရေးဌာနက လူကြီးမင်း ရောက်လာပါသည်။ အခမ်းအနား စတင်ဖွင့်လှစ်ကြောင်း ကျောင်းသူတစ်ဦးက ကြေညာသည့်အခါ လက်ခုပ်သံများ ဆူညံသွားသည်။ အစီအစဉ်က ဆုပေးတစ်လှည့်၊ ဖျော်ဖြေရေးတစ်လှည့် ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရသူတွေ၊ အထက်တန်း စကောလားရှစ်နှင့် ဘက်စုံထူးချွန်သူ တစ်ဦး၊ နိုင်ငံတော်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဆုရသူ၊ အားကစား၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာစသည့် ဖွံ့ဖြိုးရေးပြိုင်ပွဲ ထူးချွန်သူတွေ စသည့် ထူးချွန်သည့် ကျောင်းသားတွေကို ဆုချီးမြှင့်သည့်ပွဲမို့ ဖက်ဖူးရောင်ပွဲတော်ဟုဆိုက မမှားနိုင်ပါ။ မင်္ဂလာရှိပေစွ။ တကယ်တော့ ကျောင်းဆိုသည်မှာ ပင်ကိုယ် အရည်အသွေးရှိသည့် ကလေးတွေကို ထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်းတွေ ဖြစ်လာအောင် လေ့ကျင့်ပုံဖော်ပေးသည့် နေရာဌာန မဟုတ်ပါလား။

နိုင်ငံတော်အဆင့် ဝူရှူးပြိုင်ပွဲဆုရ ကျောင်းသားတစ်ဦး၏ စွမ်းရည်ပြသအပြီးမှာ သမီးငယ်တို့အဖွဲ့၏ Wa Ka Wa Ka တေးသရုပ်ဖော် ကကွက်ပါ။ သူတို့လုပ်ချင်သည့် အခွင့်အလန်းကိုရလို့ အဖွဲ့ဝင်ကလေး (၈) ဦးစလုံး မြူးမြူးကြွကြွ လှုပ်ရှားနေကြသည်။ လှုပ်ရှားမှုနဲ့ တေးသွားစည်းချက်ကျသည်။ လေ့ကျင်ပေးသော ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်အရည်အချင်း တစ်ရပ်ပါပဲ။ ဤတွင် ကျွန်တော်၏ ဘေးဘက်တွင် ထိုင်နေသော သားကြီးက “အဖေ ဗွီအိုင်ပီဆိုတာ ဘာလဲ” လို့ ရုတ်တရက် မေးလာသည့်အတွက် ကျွန်တော်အတွေးစ ပြတ်သွားသည်။ ကျွန်တော် ဧည့်ပရိသတ်များကို မျက်လုံးကစားလိုက်တော့ စားပွဲဝိုင်းတစ်ဝိုင်းမှာ (၁) ကျောင်း အကျိုးတော်ဆောင် ဥက္ကဋ္ဌကြီး၊ (၂) မြို့နယ်အုပ်ချုပ်ရေးဌာနက လူကြီးမင်း၊ (၃) အထက်တန်း စကောလားရှစ်ရ ဘက်စုံထူးချွန်သူ ကျောင်းသူတစ်ဦး၊ (၄) အလှူရှင် အမျိုးသမီးကြီး တစ်ဦးနှင့် (၅) ကျောင်းအုပ်ကြီးတို့ ထိုင်နေကြပါတယ်။ ကျွန်တော်က ထိုစားပွဲဝိုင်းကို သားကြီးအား လက်ညှိုးထိုးပြပြီး ထိုငါးဦးထဲမှာ “ဘယ်သူ ဗွီအိုင်ပီလဲ” လို့ မေးလိုက်တယ်။ ထိုအခါ သားကြီးက မြို့နယ်အုပ်ချုပ်ရေးဌာနက လူကြီးမင်းဟာ ဗွီအိုင်ပီပါလို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူလာမှ ပွဲကို စရတာကြောင့်ပါပဲ။ ကျွန်တော်က “ဟုတ်တော့ ဟုတ်တယ်။ တကယ်တော့ မဟုတ်သေးဘူး” လို့ ပြန်ပြောလိုက်တယ်။ သည်အခါ သားကြီးက နောက်တစ်ယောက်ကို ပြောပြန်တယ်။

ကျောင်း အကျိုးဆောင် ဥက္ကဋ္ဌကြီးဟာ ဗွီအိုင်ပီပါပဲ။ ဘာကြောင့်လဲဆိုတော့ သူအကျိုးဆောင်လို့ ကျောင်းရဲ့လိုအပ်ချက်တွေ ပြည့်စုံရတယ် မဟုတ်လားတဲ့။ ကျွန်တော်က “ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် မဟုတ်သေးဘူး” လို့ ပြန်ပြောလိုက်တယ်။ သည်အခါ သားကြီးက အလှူရှင်အန်တီကြီးဟာ ဗွီအိုင်ပီ မဖြစ်နိုင်ဘူးလားလို့ ဆိုပြန်တယ်။ ဘာကြောင့်လဲဆိုတော့ သူလို သဒ္ဒါတရားနဲ့ ပြည့်စုံတဲ့ အလှူရှင်တွေရှိမှ သည်လိုပွဲမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ဆိုတယ်။ ကျွန်တော်က “သားပြောတာ ဟုတ်တော့ ဟုတ်တယ်။ တကယ်တော့ မဟုတ်သေးဘူး” လို့ ဖြေလိုက်တယ်။ “ကဲ ကျန်တဲ့ နှစ်ဦးထဲက တစ်ဦးကို စဉ်းစားပါဦး” လို့ ကျွန်တော်ကပြောတော့ သားက “ကျောင်းအုပ်ကြီးပါတဲ့” ဘာကြောင့်ဆိုတော့ ကျောင်းအုပ်ကြီးရဲ့စီမံခန့်ခွဲမှု အရည်အသွေး မြင့်မားသလောက် ကျောင်းရဲ့ အရည်အသွေးဟာ တိုးတက်နိုင်လို့ပါတဲ့။ သည်အခါမှာလည်း ကျွန်တော်က “ဟုတ်တော့ ဟုတ်တယ်။ ဒါပေမယ့် မဟုတ်သေးဘူး” ဟု ဖြေလိုက်တယ်။ သည်အခါ “စားပွဲဝိုင်းထိုင်နေတဲ့ အားလုံးထဲက ဘက်စုံထူးချွန်တဲ့ မမကြီးဟာ ဗွီအိုင်ပီပေါ့” လို့ သားကြီးက ဖြေတယ်။ ထိုအခါမှ ကျွန်တော်က “ဟုတ်ပါတယ်။ မှန်ပါတယ်” လို့ ဖြေလိုက်တယ်။ မျက်လုံးလေး ကလယ်ကလယ်နဲ့ ကျွန်တော့်ကို လှမ်းကြည့်နေတဲ့ သားရဲ့ အမူအယာဟာ ကျွန်တော့်အဖြေကို ဘဝင်မကျကြောင်း ဖော်ပြနေတယ်။

ကဲ သားပြောခဲ့တဲ့ အထက်ပါ လူကြီးလေးဦးဟာ သူတို့စွမ်းနိုင်သလောက် လောကကောင်းကျိုးကို ဆောင်နေတာမို့ အဖေက ဟုတ်တော့ ဟုတ်တယ်လို့ ဖြေတာပါ။ တကယ်တော့ အထက်ပါ လူကြီးတွေဟာ လောကကောင်းကျိုးကို ဆက်လက်သယ်ပိုးဖို့ အချိန်ကန့်သတ်ချက် ရှိသွားပြီ။ ကျလူတွေ ဖြစ်သွားကြပြီ။ လောကရဲ့ ဟင်းလင်းပြင်ထဲ ဆက်လက်ပျံသန်းဖို့ အားအင်တွေ လျော့ပါးကုန်ပြီ။ ဒါပေမယ့် သားတို့လို လူငယ်တွေက ဉာဏ်ရည် ဉာဏ်သွေးတွေ ထက်မြက်တယ်။ ကြိုးစားအားထုတ်မှု ရှိသလောက်၊ လောက ဟင်းလင်းပြင်ကြီးထဲမှာ အမြင့်ဆုံးကို ပျံသန်းနိုင်တယ်။ သည်လိုပျံသန်းတဲ့အခါ-
(၁) အေဗရာဟင်လင်ကွန်း ဖြစ်နိုင်တယ်။
(၂) လယ်တီဆရာတော်ဘုရားကြီး ဖြစ်ခွင့်ရှိတယ်။
(၃) ဗိုလ်ချုပ်အောင်ဆန်းလည်း ဖြစ်နိုင်တယ်လေ။
(၄) ဦးသန့်လည်း ဖြစ်နိုင်တယ်။
(၅) မာရာဒိုနာလည်း ဖြစ်နိုင်တယ်ပေါ့။

သည်အခါ စကားဝိုင်းတွင် ငြိမ်နေသော သမီးငယ်က “သည်လိုဆို သမီးကလည်း ရှာကီရာ ဖြစ်နိုင်တယ်ပေါ့” ဆိုကာ ခန္ဓာကိုယ်ကို ယိမ်းနွဲ့ပြလေသည်။ “အေး ဖြစ်နိုင်တာပေါ့ သမီးရယ်” သားကြီးမျက်နှာ ပြုံးယောင်သမ်းလာသည်။ “ဒါကြောင့် ဖေဖေက အရည်အသွေးရှိတဲ့၊ ကြိုးစားအားထုတ်မှုရှိတဲ့ လူငယ်တွေကို အနာဂတ်ရဲ့ ဗွီအိုင်ပီတွေလို့ ဆိုချင်တာပေါ့ကွယ်” ထို့နောက် ကျွန်တော်တို့ သားအဖသုံးဦးသည် ကျောင်းအုပ်ကြီးကို နှုတ်ဆက်ကာ ဆုပေးပွဲမှ အိမ်သို့ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းစွာဖြင့် ပြန်ခဲ့ကြလေသည်။

သန်းစိုးအောင်

Shade The Mandalay Hill

0 comments:

Post a Comment