သနပ်ခါးလိမ်းတာက ချွေးပေါက်ပိတ် စေသလား
သနပ်ခါးမှာ ရေဓာတ်ပါဝင်တာကြောင့် သနပ်ခါးလိမ်းထားတဲ့အခါ အသားအရေ အေးမြမှုကို ခံစားရပါတယ်။ သနပ်ခါးမှာ တန်နင်အက်စစ် (Tanin Acid) ပါတယ်။ တန်နင်အက်စစ်က ချွေးပေါက်၊ အဆီပေါက်တွေကို တင်းရင်းစေတာမို့ အဆီထွက်နည်းစေတယ်။ အဆီထွက်တာနည်းတော့ ဝက်ခြံပေါက်နိုင်တဲ့ အခွင့်အလမ်းနည်းတယ်။ ဒါပေမဲ့ ရှိပြီးသား ဝက်ခြံတွေကိုတော့ သိသိသာသာ သက်သာစေတဲ့ အစွမ်းကို မတွေ့ရပါဘူး။
ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက ဓာတ်မတည့်မှု ဖြစ်လွယ်စေသလား
အမွှေးနံ့ (Fragrance) နည်းတဲ့ အလှပြင်ပစ္စည်း၊ ဓာတုပစ္စည်းမဟုတ်တဲ့ သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကို အသုံးပြုပါ။ အလှပြင်ပစ္စည်းထဲမှာ ဓာတုပစ္စည်း ပါဝင်မှုများလေလေ ဓာတ်မတည့်တာ ပိုဖြစ်လွယ်လေလေပါ။ တစ်ယောက်နဲ့ တစ်ယောက်တော့ ဓာတ်မတည့်မှု ဖြစ်တာတွေက မတူညီနိုင်ပါဘူး။ ဓာတ်မတည့်တာကို ကာကွယ်နိုင်ဖို့က အလှပြင်ပစ္စည်း ဝယ်ယူတဲ့အခါ မျက်နှာအသားအရေနဲ့ ခပ်ဆင်ဆင်တူတဲ့ လက်ဖျံအတွင်းဘက် အသားမှာလိမ်းကြည့်ပါ။ လိမ်းထားလိုက်လို့ ယားတာ၊ ရောင်တာ၊ နီတာတွေ မရှိဘူးဆိုရင် အသားအရေနဲ့ တည့်ပါတယ်။ စိတ်ချလက်ချ သုံးလို့ရပါတယ်။ အလှပြင် ပစ္စည်းတွေက အမျိုးအမည်တွေ များတာကြောင့် တစ်ယောက်အသားအရေနဲ့ တစ်ယောက် တည့်တာချင်းလည်း မတူညီနိုင်ပါဘူး။ ဒါကြောင့် စမ်းသပ်ပြီးမှ လိမ်းတာက အကောင်းဆုံးပါ။
အလှပြင်ပစ္စည်းတွေမှာ ရေးထားသလို စိတ်ချယုံကြည်လို့ ရနိုင်ပါသလား
တချို့အလှပြင်ပစ္စည်းတွေမှာ Non-allergic, Hypo-allergic, Fragrance Free စတာတွေ ရေးထား တတ်ပါတယ်။ Fragrance Free ဆိုတာက အနံ့မပါဘူးလို့ အဓိပ္ပာယ်ရပါတယ်။ အနံ့တစ်ခုရဖို့ အတွက်ဆိုရင် ဓာတုပစ္စည်းအမျိုးပေါင်း ၁၀၀ လောက် ပေါင်းရပါတယ်။ တချို့အလှပြင် ပစ္စည်းတွေမှာ Non-comedogenic လို့ ရေးပါတယ်။ အဲဒါကတော့ ဝက်ခြံမပေါက်စေဘူးလို့ ဆိုလိုပါတယ်။ တချို့အလှပြင် ပစ္စည်းတွေကျတော့ Dermatologist Tested ဆိုပြီး အရေပြားဆရာဝန်တွေ စမ်းသပ် ထားပြီးသားပါလို့ ရေးတတ်ကြပါသေးတယ်။ သူတို့ရဲ့ ထုတ်ကုန်ကို သုံးစွဲသူတွေ ပိုမိုယုံကြည်လာအောင် ရေးတတ်ကြပါတယ်။ သင့်အနေနဲ့ အရေပြား ဆရာဝန်တွေ စမ်းသပ်စစ်ဆေးမှုလုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေနဲ့ အမွေးနံ့ပါဝင်မှုနည်းတဲ့ ပစ္စည်းတွေကိုသာ ရွေး ချယ်ဝယ်ယူတာက အသားအရေအတွက် ပိုမိုစိတ်ချရပါတယ်။
မျက်နှာအဆီပြန်တာက ဝက်ခြံပိုထွက်စေသလား
မျက်နှာအဆီပြန်တာ၊ ဆားဝက်ခြံ ထွက်တာတွေက ဝက်ခြံဖြစ်ဖို့ အလားအလာ ရှိပါတယ်။ အသုံးပြုတဲ့ Skin Care တွေမှာ Tretinon နဲ့ AHA ပါဝင်တာတွေကို အသုံးပြုပေးပါ။ မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆပ်ပြာ အသုံးပြုတာနဲ့ တိုနာတွေ အသုံးပြုတဲ့အခါ For Oily Skin ဆိုတာကို ရွေးသုံးပါ။ အဆီပြန်တဲ့ အသားအရေ ရှိသူတွေဟာ အစိုဓာတ်ထိန်း ခရင်မ်ကို မသုံးသင့်ဘူးလို့ ထင်တတ်ကြပါတယ်။ အဆီပြန်တဲ့ အသားအရေရှိသူတွေရော၊ ခြောက်သွေ့တဲ့ အသားအရေ ရှိသူတွေရော အစိုဓာတ်ထိန်း ခရင်မ်ကို အသုံးပြုနိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေရှိသူတွေက Alcohol ပါဝင်တဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို အသုံးပြုရပါမယ်။ အသားအရေ ခြောက်သွေ့သူတွေကတော့ Alcohol Free လို့ ရေးထားတဲ့ အယ်လ်ကိုဟော မပါဝင်တဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို သုံးရပါမယ်။ Oil-Free Cosmetic တွေက ရေရှည်မှာ အဆီပြန်တာ သက်သာစေတဲ့အပြင် ဝက်ခြံထွက်တာကိုပါ သက်သာစေပါတယ်။
တိုနာအသုံးပြုတာက ချွေးပေါက် ကျဉ်းစေသလား
တိုနာက ချွေးပေါက်ကျဉ်းစေတယ် ဆိုပေမယ့် အဓိက လုပ်ငန်းတာဝန်က မျက်နှာကို အဆုံးစွန်အထိ သန့်ရှင်းရေး လုပ်ပေးပါတယ်။ Cleanser နဲ့ သန့်စင်ပြီး နောက်မှာ ကျန်ခဲ့တဲ့ အညစ်အကြေး အကြွင်းအကျန်တွေကို ထပ်မံသန့်စင် ပေးပါတယ်။ တိုနာက ချွေးပေါက်ကျဉ်းစေတယ် ဆိုတာက ခဏတာပဲ ကျဉ်းစေတာပါ။ အာနိသင်ပြယ်သွားရင် ချွေးပေါက်ပြန်ကျယ်လာပါတယ်။ ချွေးပေါက်ကျယ်တာကို ကျဉ်းအောင်ဆိုရင် Tretinon နဲ့ AHA ပါဝင်တာတွေကို ညတစ်ကြိမ် လိမ်းပေးပါ။
အိပ်ရေးပျက်များတာက အသားအရေ ညစ်နွမ်းစေသလား
အိပ်ရေးပျက်တာ များတဲ့အခါ အသားအရေတွေက ညစ်နွမ်းလာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားကို သွေးလျှောက်တာ နည်းသွားတာကြောင့် အသားအရေက ကြည်လင်မှု မရှိတော့ပါဘူး။ အိပ်ရေးဝဝအိပ်ပါ။ အိပ်မပျော်ပါက မအိပ်ခင် နွားနို့နွေးနွေး တစ်ခွက်သောက်တာ၊ ရေနွေးနွေးနဲ့ ရေချိုးပေးတာတွေ လုပ်ဆောင်ပါ။ အိပ်တဲ့အခါ အခန်းကို မီးအမှောင်ချပြီး အိပ်စက်ပါ။ စိတ်ဖိစီးမှုများတာက နုပျိုမှုကို အဟန့်အတား ဖြစ်စေသလား စိတ်ဖိစီးမှုများတာက သင့်ခန္ဓာကိုယ်တွင်းမှာ Free Radical တွေ ထွက်စေပြီး သင့်အသားအရေရဲ့ နုပျိုလှပမှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါ့အပြင် အရေးကြောင်းတွေကိုလည်း ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုနည်းအောင် လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အကောင်းမြင်စိတ် မွေးမြူတာ၊ အလုပ်ကို စနစ်တကျ စီမံတာတွေ လုပ်ဆောင်ပေးပါ။
ရေသောက်နည်းတာက အသားအရေ ခြောက်သွေ့စေသလား
ရေသောက်နည်းတဲ့အခါ ရေဓာတ် ခန်းခြောက်တာကြောင့် အသားအရေတွေကို ခြောက်သွေ့စေပါတယ်။ ရေသောက်နည်းတာက အရေပြားဆီကို သွေးလှည့်ပတ်မှု နည်းသွားတာကြောင့် အသားအရေတွေ ခြောက်သွေ့ရတာပါ။ တစ်နေ့ကို အနည်းဆုံး ရေရှစ်ဖန်ခွက် သောက်ပေးပါ။ အချိုရည်တွေ မသောက်ဘဲ ရေဆာရင် ရေပဲသောက်ပေးပါ။
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)

0 comments:
Post a Comment